လောင်းလုံးမြို့နယ်၊ သောကြာပြင်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ်အနီး၌ တစ်ရွာတည်းနေအကြမ်းဖက်သူများက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ကလေးငယ် ၁ ဦးသေဆုံး
နေပြည်တော်၊ စက်တင်ဘာ - ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သောကြာပြင်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ်အနီးအား တစ်ရွာတည်းနေအကြမ်းဖက်လူတစ်စု က မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အသက် ၁၃ နှစ်အရွယ် အပြစ်မဲ့ ကလေးငယ် တစ်ဦး မိုင်းစ ထိမှန် သေဆုံးခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သောကြာပြင် ကျေးရွာ၊ ဆင်မင်းရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏ဇနီးဖြစ်သူ ဒေါ်ကြည်ဌေး (ဘ)ဦးအေးရှီနှင့် တူမဖြစ်သူ မအိအိငယ်(ဘ)ဦးမောင်လေး(အသက် ၁၃ နှစ်) တို့သည် စက်တင်ဘာ ၂၁ ရက်နံနက် ၇ နာရီခွဲခန့်တွင်နေအိမ်ရှေ့ ခြံစည်းရိုးအနီး၌ ပန်းခူးနေစဉ် တစ်ရွာတည်းနေ အကြမ်းဖက်သူများထောင်ထားသည့် မိုင်းပေါက်ကွဲ မှုကြောင့် မအိအိငယ်သည် ဖြစ်စဉ်နေရာ၌ပင် မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဒေါ်ကြည်ဌေး၌ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ထားဝယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများ အား ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၂ ရက်ညပိုင်းတွင် တစ်လမ်းတည်းနေထိုင်သူ စိုးမင်းထွေး(ဘ)ဦးလှရွှေအား ဦးစွာဖော်ထုတ် ဖမ်းဆီး ရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ အဆိုပါဖြစ်စဉ်၌ ကျေးရွာနေသူများဖြစ်သည့် ဟိန်းသူအောင် (ဘ)ဦးအောင်ဖေ၊ ကျော်စိုး(ဘ)ဦးလှရှိန်နှင့် စောရွှေ(ဘ)ဦးလှရှိန်တို့ ၃ ဦးပါဝင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖမ်းဆီးရမိသူအား ဉပဒေအရထိရောက်စွာအရေးယူနိုင်ရေးနှင့် ပါဝင် ပတ်သက်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။