တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်တွင် လက်လုပ်မိုင်း ပြုလုပ်သည့် တရားခံများအား ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၄
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်စဉ် တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်၊ ဗြဟ္မစိုရ် လမ်းနှင့် ပင်းယလမ်းထိပ်၌ ယာဉ်မောင်း ကျော်ကိုလင်း (ခ)AJ (၃၄)နှစ် မောင်းနှင်ပြီး စိုင်းပိုင်စိုးနောင်(ခ)မာဝီ(၃၀)နှစ် လိုက်ပါလာသည့် CRV (အဖြူရောင်) ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်း အတွင်းမှ အပြာရောင် PVC ပိုက်၊ Keypad ဖုန်းတို့ဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် လက်လုပ်ချိန်ကိုက်မိုင်း ၄ လုံးအား သိမ်းဆည်းရမိ ခဲ့ကြောင်း သိရှိရသည်။
တရားခံ ကျော်ကိုလင်း၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၈ ရက်တွင် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ မစိုးရိမ်လမ်း၊ အိမ်အမှတ်(၃၁-အေ)အား ဝင်ရောက် ရှာဖွေခဲ့ရာ ဝင်းကိုအောင်(၂၉)နှစ်၊ ထင်ကျော် (၅၇)နှစ် နှင့် အိဖြူ (၃၀)နှစ် တို့အား ၉ မမ ကျည် ၇ တောင့်၊ ပွိုင့်-၂၂ ကျည် ၇ တောင့်၊ လက်ပစ်ဗုံး ဖြူ(စ်) ၁ ခု၊ အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။တရားခံများ၏ ထွက်ဆိုချက်အရ မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ နဝဒေးလမ်း၊ အိမ်အမှတ်(၉)တွင် ဆက်စပ်တရားခံ ဝင်းထွဋ်သော်တာ(ခ) အီတိုး(၃၁)နှစ် အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ကျော်ကိုလင်း (ခ) AJ၊ စိုင်းပိုင်စိုးနောင် (ခ) မာဝီ နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော မေရီယန်၊ အောင်မြင့်မြတ်(ခ) ကဗျာ ၊ သန့်ဇင် (ခ) ကျွဲကြီး ၊ ထက်ဝေယံမင်းလွင်(ခ)ရိုးရိုး တို့သည် ဖမ်းဆီးရန်ကျန် ထားထက်ထက် ၏ ချိတ်ဆက် ပေးမှုဖြင့် KNLA တပ်မဟာ(၆)နယ်မြေတွင် ဖွင့်လှစ်သော အကြမ်းဖက် ဖောက်ခွဲရေး သင်တန်းနှင့် မိုးကုတ်မြို့အနီးတွင် ဖွင့်လှစ်သော TNLA အဖွဲ့၏ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းတို့အား တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
စက်တင်ဘာလ ၄ ရက်တွင် ဖောက်ခွဲဖျက်ဆီးရေး ပြုလုပ်ရန်အတွက် Fountain အဖွဲ့မှ ကျော်ကိုလင်း(ခ) AJ၊ စိုင်းပိုင်စိုးနောင်(ခ) မာဝီ တို့သည် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော နေရွှန်းကို(ခ) James၊ မေရီယန်၊ တိုင်ရွန် နှင့် အောင်ရဲ(ခ) ပိုးဥ တို့သည် Zoom Meeting ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တွင်း အဖျက်လုပ်ငန်းများနှင့် မှုခင်း/ပြစ်မှုကျူးလွန်သူများ ဖော်ထုတ်နိုင်မှုမရှိစေရန် ရည်ရွယ်၍ မီးပွိုင့်များရှိ CCTV များအား ဖောက်ခွဲရန် ဆွေးနွေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ အီတိုး သည် မေလ တွင် TNLA အဖွဲ့ထံတွင် အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း တက်ရောက်မည့် လူငယ် ၄ ဦးအား ၎င်း၏ကားဖြင့် ပြင်ဦးလွင် - နောင်ချို မှတစ်ဆင့် မိုးကုတ်သွား ကားလမ်းပေါ်ရှိ ပလောင်ရွာ တစ်ခုသို့ ပို့ဆောင် ပေးခဲ့ကြောင်း၊ ၎င်းသည် မေလတွင် အကြမ်းဖက်အဖွဲ့ဖြစ်သော NUG အဖွဲ့ထံသို့ NLD ပါတီမှ ဖြိုးဇေယျာသော် (၂၀၁၅ ခုနှစ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း) မှတစ်ဆင့် ပြည်သူလူထုစိုးရိမ်ဖွယ်ရာ ဖြစ်စေသည့် အဖျက် လုပ်ငန်းများ စီမံမှုအကြံပြုစာများအား Signal မှတစ်ဆင့် ပေးပို့ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
တရားခံ စိုင်းပိုင်စိုးနောင်(ခ) မာဝီ သည် ဩဂုတ်လ ၂၉ ရက်မှ ၃၁ ရက်အထိ အကြမ်းဖက်အဖွဲ့ဖြစ်သော NUG မှ Online တွင် သင်ကြားပေးသည့် အကြမ်းဖက်ဖောက်ခွဲရေး နှင့် မြို့ပြပျောက်ကြားသင်တန်းအား သင်တန်းသား ၆ ဦး နှင့်အတူ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ တရားခံ အိဖြူ သည် ဧပြီလ တွင် သန်လျင်မြို့နယ်ရှိ ရှင်မွေးလွန်း ကျောင်းဝန်း၌ ပြုလုပ်သည့် အကြမ်းဖက် မိုင်းထောင်ဖောက်ခွဲရေး သင်တန်းအား တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ တရားခံ ထင်ကျော် သည် ABSDF တွင် ပြန်ကြားရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ၉ မမ ကျည် (၇)တောင့်၊ ပွိုင့်-၂၂ ကျည် (၇)တောင့် နှင့် ဖြူ(စ်)(၁) ခုတို့အား ဖမ်းဆီးရန်ကျန် ဇာနည်(ခ) စောဇာနည်အောင် ထံမှ ရယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ကျော်ကိုလင်း(ခ) AJ နှင့် စိုင်းပိုင်စိုးနောင်(ခ) မာဝီ တို့သည် ဖောက်ခွဲရေး လုပ်ငန်းများ လုပ်ဆောင်ရန် မေရီယန် (ဖမ်းဆီးရန်ကျန်) ၏ ချိတ်ဆက်ပေးပို့သော လက်လုပ်ချိန်ကိုက်မိုင်း(၄)လုံးအား သွားရောက်ယူဆောင်ခဲ့ကြောင်း ဖော်ထုတ် သိရှိရ သည်။ဝင်းကိုအောင် သည် မေလ ၈ ရက်တွင် ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ သာကေတမြို့နယ်၌ ဖမ်းဆီးရမိသော PDF အဖွဲ့ဝင်များဖြစ်သည့် ကိုကိုမောင်၊ နန္ဒစစ်အောင် တို့နှင့်အတူ လက်လုပ်မိုင်းမျာ ပြုလုပ်ခြင်းနှင့် သာကေတမြို့နယ်၊ ၇/အနောက်ရပ်ကွက်၊ ရစဖရုံးအား လက်လုပ်မိုင်း ဖောက်ခွဲရာတွင် ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ် တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်း ပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန် အပ်ပါသည်။