ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm နှင့် Sinovac ဆေးများ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ တပ်မတော်လေယာဉ်များဖြင့်ပို့ဆောင်

Tuesday, September 21, 2021 - 17:00

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm နှင့် Sinovac ဆေးများ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ တပ်မတော်လေယာဉ်များဖြင့်ပို့ဆောင်

နေပြည်တော်၊ စက်တင်ဘာ- ၂၁

ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများအား  တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရေှာက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ် စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm နှင့် Sinovac များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးသည်။

ထိုသို့ပို့ဆောင်ပေးရာတွင် ဆေးတစ်လုံးလျင် လူငါးယောက်ထိုးနှံနိုင်သည့် Sinopharm ၁၇၂၀၀ လုံးနှင့် ဆေးတစ်လုံးလျင် လူနှစ်ယောက်ထိုးနှံနိုင်သည့်  Sinovac ၁၈၄၅၀ လုံးတို့အား ရခိုင်ပြည် နယ်စစ်တွေမြို့နယ်သို့လည်းကောင်း၊ Sinopharm ၁၀၀၀၀ လုံးနှင့်  Sinovac ၈၂၀ လုံးအား သံတွဲမြို့နယ်သို့ လည်းကောင်း  ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်သို့ Sinopharm ၁၈၈၆၂ လုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်သို့  Sinopharm ၆၁၉၈ လုံး၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်သို့  Sinopharm ၂၂၀၀ လုံး၊ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ်သို့ Sinopharm ၆၀၀၀ လုံး၊ ထားဝယ်မြို့နယ်သို့  Sinopharm ၆၀၀၀ လုံးနှင့် ကော့သောင်းမြို့နယ်သို့  Sinopharm ၃၆၂၈ လုံး တို့အားလည်းကောင်း အသီးသီး ပို့ဆောင်ပေးခဲ့ရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။