နေပြည်တော်၊ စက်တင်ဘာ - ၁၉
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်အတွင်းရှိ တိုက်နယ်ပြည်သူ့ ဆေးရုံ (၁၁)ရုံအတွက် ဆေးရုံ(၁)ရုံလျှင် အောက်ဆီဂျင် ၄၀ လီတာအိုး (၅)လုံးနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်း လျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ အောက်ဆီဂျင်လိုအပ်လျက်ရှိသော ပြည်သူများ အတွက် မြန်မာရှင်းရှင်းမက်တယ်ကုမ္ပဏီလီမိတက်မှ ဒေါက်တာ ဟိန်းမျိုးထက်နှင့် ဒေါ်ရတနာလင်းထိုက်အောင်တို့က ငွေကျပ်သိန်း ၁၁၀၀ တန်ဖိုးရှိ အောက်ဆီဂျင် ဂျင်နရေတာ Plant ၁ လုံးကို ပေးအပ်လှူဒါန်းရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (အရှေိ့ပိုင်း)၊ တာချီလိတ်မြို့ရှိ အောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင် ၂၄၀ လုံး ထုတ်လုပ်ဖြန့်ဖြူးနေမှုများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၌ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင် ၁၄၀ လုံး ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရောက်ရှိတပ်ဆင်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကလည်းကောင်း အသီးသီးသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။