တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

Sunday, September 19, 2021 - 15:30

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ စက်တင်ဘာ - ၁၉

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည်  အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်း တစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက်(၅၅)နှစ် အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင်ရှိသူများစသည့်  ဦးတည်အုပ်စု (၁၆)စု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိသည်။ ယနေ့တွင်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ၄ မြို့နယ်၌ ၁၆၅၂ ဦး၊  ရှမ်းပြည်နယ်(အရှေိ့ပိုင်း)အတွင်းရှိ မြို့နယ် ၇ မြို့နယ်၌ ၂၄၈၅ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၅ မြို့နယ်၌ ၃၇၆၈၇ ဦး၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၆)မြို့နယ်တို့၌ ၄၂၆၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့၌ ၈၅၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၁၄)မြို့နယ်တို့၌ ၁၁၀၁၉ ဦး၊ ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ် အတွင်းရှိ မြို့နယ်(၁၃)မြို့နယ်တို့၌ ၁၄၈၄၀ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့၌ ၆၃၆၈ ဦးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့၌ ၆၆၀၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။