စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ လိုက်ပါလာသည့် ယာဉ်တန်းအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ ရီမုလက်လုပ်ဆွဲမိုင်းဖြင့် ဖောက်ခွဲတို

Friday, September 17, 2021 - 15:15

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ လိုက်ပါလာသည့် ယာဉ်တန်းအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ ရီမုလက်လုပ်ဆွဲမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

နေပြည်တော်၊ စက်တင်ဘာ ၁၇

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ လိုက်ပါလာသည့် ယာဉ်တန်းအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ ရီမုလက်လုပ်ဆွဲမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာ၊ စိန်ပန်းဘုန်းကြီးကျောင်း၌ ကန့်ဘလူမြို့ခုတင်(၁၀၀) ဆေးရုံမှ ဒေါက်တာ နေမိုး ဦးစီးပူးပေါင်းအဖွဲ့တို့က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်၍ မွန်းလွဲ ၂ နာရီ ၅၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလျက် မလယ်ကျေးရွာမှ ကန့်ဘလူမြို့သို့ မော်တော်ယာဉ် ၄ စီးဖြင့် ပြန်လည်ထွက်ခွာလာစဉ် ရေအေးကျေးရွာအနီးအရောက် ကားလမ်းမပေါ်တွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့(စိစစ်ဆဲ)က ရီမုလက်လုပ်ဆွဲမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် Hilux Double Cab ၂ ခန်းတွဲယာဉ်၏ နောက်ပိုင်းနှင့် ရှေ့တံခါးအနည်းငယ် မိုင်းစထိမှန်ပျက်စီးခဲ့ပါသည်။

            ထိုသို့အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိိခြင်းမရှိကြောင်းနှင့် ရီမုလက်ဆွဲမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သူများ အား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ အသေးစိတ်ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။