နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးနှင့် ပြင်ဦးလွင်မြို့နယ်တို့ရှိ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် စက်တင်ဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီးနှင့် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား ပြင်ဦးလွင်မြို့နယ် ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်ကျေးရွာအုပ်စု စီမံခန့်ခွဲရေး ကောင်စီဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသဖွံဖြိုး တိုးတက်ရေးဆောင်ရွက်မှု အခြေအနေများ၊ ဝန်ထမ်းအိမ်ရာများနှင့် မြို့ပြအိမ်ရာ စီမံကိန်းများ ဆောင်ရွက်သွားမည့် အခြေအနေများ၊ COVID -19 ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အထွေထွေ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း က စည်ပင်သာယာရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဖြည့်စွက် ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြင်ဦးလွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း က ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များကို တင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီးနှင့် ပြင်ဦးလွင်ခရိုင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည် များကို တွေ့ဆုံဆွေးနွေးလိုသည့်အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ အခြားကမ္ဘာ့နိုင်ငံများနည်းတူ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်မှုနှုန်းမြင့်မားစွာဖြစ်ပေါ်ခဲ့ပြီး ပြင်ဦးလွင်ခရိုင်ကိုလည်း ကူးစက်ဖြစ်ပွားမှု နှုန်းမြင့်တက်လျက်ရှိသည့်အတွက် ဇူလိုင်လကတည်းက နေအိမ်တွင် နေထိုင် ရေး (Stay at Home)အစီအစဉ်တွင် ထည့်သွင်းဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့ နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူအနေဖြင့် စက်တင်ဘာ ၁၅ ရက်နေ့ အထိ ၄ သိန်း ၃ သောင်းကျော် ရှိပြီဖြစ်ပြီး ကူးစက်မှုနှုန်းယခင်ကထက်ကျဆင်း လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်၊ ခရီးသွားမြို့တော်၊ ပညာရေးမြို့တော်ဖြစ်ပြီး ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် စီးပွားရေးအခြေအနေများ အရှိန်အဟုန် ရပ်တန့်ခဲ့ရခြင်းဖြစ်ကြောင်း၊ ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျလာမှသာလျင် တင်းကြပ်ထားသည့် စည်းမျဉ်းစည်းကမ်း များကို ဖြေလျော့ပေးရမည်ဖြစ်သဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု လျော့ကျလာ အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။
ကိုဗစ်-၁၉ တတိယလှိုင်းသည် ဇွန်လနှင့် ဇူလိုင်လတို့တွင် ဖြစ်ပွားမှုနှုန်း မြင့်မားလာခဲ့သဖြင့် ရောဂါကူးစက်မှုနှုန်း မြန်ဆန်ပြင်းထန်လာမှုကို ထိန်းချုပ်နိုင် ရန်နှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် မိမိကိုယ်တိုင်ဦးဆောင်၍ ဗဟိုအဆင့် စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ပြုလုပ်ပြီး ဖိဖိစီးစီး ထိထိမိမိဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ယခုအချိန်တွင် အတိုင်းအတာတစ်ခု အထိ ကျဆင်းလျက်ရှိသည်ကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း အချို့ပြည်နယ်နှင့်တိုင်းများတွင် ကူးစက်မှုနှုန်း များပြားလျက် ရှိနေသည်ကို တွေ့ရှိနေရကြောင်း၊ ထို့ကြောင့် ရောဂါကူးစက်မှုစစ်ဆေးရာတွင် နယ်ပယ်ပေါင်းစုံတွင် ကြပ်မတ်စစ်ဆေးဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပြီး စာရင်း ဇယားအားဖြင့်သာ ကူးစက်မှု အရေအတွက်ကျဆင်းခြင်းမဟုတ်ဘဲ မြေပြင် အမှန်တစ်ကယ်ကျဆင်းမှု ဖြစ်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများကို ယခုနှစ်အစောပိုင်း ကာလများ ကတည်းက အလေးထား ဆောင်ရွက်ခဲ့သော်လည်း ကျန်းမာရေးဝန်ထမ်း အခက်အခဲများကြောင့် ဖိဖိစီးစီးဆောင်ရွက်နိုင်မှု အားနည်းမှုများရှိခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး မိမိ၏ နိုင်ငံ့ ဝန်ထမ်း လုပ်ငန်းတာဝန်များနှင့် ပါတီနိုင်ငံရေးကို ခွဲခြားသိမြင်ရမည်ဖြစ် ကြောင်း၊ မသမာသောသူများ၏ ခြိမ်းခြောက်မှုများအရ အစိုးရကို ဆန့်ကျင် သည့် CDM လှုပ်ရှားမှုများ၊ တာဝန်ဝတ္တရားလစ်ဟင်းမှုများကို နားလည်နိုင်သော် လည်း မိမိတစ်ဦး တစ်ယောက် ၏ ပါတီနိုင်ငံရေး ခံစားချက်များကြောင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် နစ်နာ မှုများ မဖြစ်ပေါ်ရန်လိုကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဝန်ထမ်းများကို ကြေညာချက်များထုတ်ပြန်၍ ပြန်လည်ထမ်းဆောင်နိုင်ရန် ဖိတ်ခေါ်ဆောင်ရွက် ခဲ့ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် ကာကွယ်ဆေးများရရှိရေးအတွက် လည်း အထူးအလေးထားလုပ်ဆောင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ပနိုင်ငံများမှ ကာကွယ်ဆေးများ ဝယ်ယူရရှိစေရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း ဆောင်ရွက် ခဲ့ရာ ကာကွယ်ဆေးများ ဆက်တိုက်ရောက်ရှိလာလျက်ရှိပြီး ယခုနှစ်ကုန်ပိုင်း တွင် နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ဆေးထိုးပြီးဖြစ်စေရေး မျှော်မှန်း လုပ်ဆောင်လျက် ရှိကြောင်း၊ ထို့ပြင် အောက်ဆီဂျင်လိုအပ်ချက်များကိုလည်း မရရသည့် နည်းလမ်းများဖြင့် ပြည်ပမှ မှာယူခြင်း၊ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လုပ်ခြင်းများဖြင့် ဘက်ပေါင်းစုံမှရရှိနိုင်ရေးဆောင်ရွက်ခဲ့ရာ လက်ရှိအချိန် တွင် လိုအပ် ချက်ပမာဏထက် ပိုမိုစွာ ထုတ်လုပ်နိုင်လျက်ရှိ ကြောင်း။
မန္တလေးတိုင်းဒေသကြီးနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးကျဆင်းမှုများကို ဖြေရှင်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဓိကလိုအပ်ချက်ဖြစ်သည့် တစ်ဦးချင်း ဝင်ငွေ ရရှိရေးကို ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်ရန် မြေနေရာ၊ အခွင့်အလမ်းနှင့် ဈေးကွက်ရှိပြီးသား ဖြစ်သဖြင့် စနစ်ကျနသည့် ခေတ်မီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုင်းဒေ သကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ နိုင်ငံ တွင် မိုးစပါးစိုက်ဧက ၁၅ သန်းရှိပြီး တစ်ဧကလျင် တင်း ၁၀၀ ထွက်မည်ဆိုပါ က လူဦးရေ သန်း ၁၀၀ စာဖူလုံမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး စပါး စိုက်ဧက ၇ သိန်းခန့်ရှိပြီး လူဦးရေ ၆ သန်းခန့်ရှိပြီး ဆန်ဖူလုံမှု ၅၀ ဒသမ ၃ ရာ ခိုင်နှုန်းသာရှိသည်ကိုတွေ့ရှိရကြောင်း၊ အထွက်နှုန်းတိုးပွားအောင် စိုက်ပျိုး မြေဧက တိုးချဲ့စိုက်ပျိုးပါက မြေဧကအတွက် အကုန်အကျများမည်ဖြစ်သဖြင့် အထွက်နှုန်းကောင်းမွန်အောင် လုပ်ဆောင်နိုင်မည့် စိုက်ပျိုးရေး အသိပညာ ဗဟုသုတများ တိုးပွားအောင် လုပ်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း၌ အခြား ပဲနှင့် ဆီထွက်သီးနှံများမှ ဝင်ငွေရရှိနိုင်သည်ဖြစ်သော်လည်း ရသည့် ဝင်ငွေဖြင့် ပြင်ပမှ ဝယ်ယူစားသုံးမည်ဆိုပါက ဒေသတွင်းမှ ငွေကြေးများသည် ပြင်ပသို့ရောက်ရှိသွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်သော ကြောင့် ဒေသတွင်း၌ အထွက်နှုန်း တိုးပွားအောင် လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း၊ ဒေသတွင်းထုတ်ကုန်များကို ထုတ်လုပ်နိုင်မှသာလျင် ဒေသတွင်း ငွေကြေး ကြွယ်ဝမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် ထိုမှတစ်ဆင့် တိုင်းပြည် ကို ကြွယ်ဝချမ်းသာလာစေ နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေလိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြစ်ရေတင်စီမံကိန်းများကို အကောင်အထည် ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်၏ ၈၀ ရာခိုင်နှုန်းသော ရေများ သည် အသုံးချခြင်းမရှိဘဲ ပင်လယ်တွင်းသို့ စီးဝင်သွားခြင်းဖြစ်သဖြင့် မြစ်ရေတင် စီမံကိန်းကို ကြိုးပမ်းဆောင်ရွက်ကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည် ဆိုလာစနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်သည့် သဘာဝက ပေးထားသည့် အခွင့် အရေး များစွာရှိသည်ဖြစ်သဖြင့် မြစ်ရေတင်ရာတွင် လိုအပ်သည့် လျှပ်စစ်စွမ်းအား ကို ဆိုလာစနစ်ဖြင့် ထုတ်လုပ်နိုင်ရေးလုပ်ဆောင်ရမည်ဖြစ်ပြီး ဆိုလာစနစ် သည် ကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက်လည်း အရေးပါကြောင်းနှင့် စနစ်ကျန သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ကြစေ လိုကြောင်း။
ကမ္ဘာပေါ်တွင် ဆန်နှင့် ဂျုံကို အဓိကထားစားသုံးကြပြီး မိမိတို့နိုင်ငံ၌ အဓိက မွေးမြူရေးလုပ်ငန်းအနေဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး တို့ကို မွေးမြူ ကြကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ အထက်ပါမွေးမြူရေးလုပ်ငန်းများကို ဖြစ်ထွန်းအောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်းရှိသဖြင့် ကြိုးပမ်းလုပ်ဆောင်ကြ စေ လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် လွှတ်၍ မွေးမြူခြင်း၊ စားကျက်မြေများတွင်လှန်၍ မွေးမြူခြင်း၊ လှောင်၍မွေးမြူခြင်း များရှိသဖြင့် စနစ်ကျနပြီး တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်သည့် မွေးမြူရေးလုပ်ငန်းဖြစ် အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် နို့နှင့် နို့ထွက်ပစ္စည်း များကို ပြည်ပမှ တင်သွင်းနေရသောကြောင့် နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုးနှင့် အေးခဲအသားငါးများကို ထုတ်လုပ်၍ ခေတ်မီ ထုပ်ပိုးမှုပုံစံများဖြင့် မိမိတို့နိုင်ငံရှိ အခြား ဒေသများသာမက ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်သည်အထိ စဉ်းစားလုပ်ဆောင်ကြရမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးသည် နို့စားနွား မွေးမြူရေးကို အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက် နိုင်သည့် အလားအလာ များစွာ ရှိသဖြင့် အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း။
ထိုကဲ့သို့ အရည်အသွေးမြင့်မားပြီး အာဟာရပြည့်ဝသည့် ထုတ်ကုန်များကို ဒေသတွင်း၌ ထုတ်လုပ်နိုင်ပါက ဒေသခံများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်မည်ဖြစ်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်သည့် ကိုယ်ခံ စွမ်းအားများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး ကို အဓိကထားလုပ်ကိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် များ ရှားပါးနေ၍ မရကြောင်း၊ အသားငါးများ၊ အသီးအနှံများကို ပြည့်ဝစွာ စား သုံးမှသာလျင် ကိုယ်ခံအားကောင်းမွန်ပြီး ကျန်းမာရေးလည်း ကောင်းမွန်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် စားရေးအတွက် ဖူလုံမှုရှိအောင် ဦးစားပေးလုပ်ဆောင်ရန် ပြောကြားလိုကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များတွင် မန္တလေးမှ စိန်တလုံးသရက် နှင့် ဆီထွက်ထုတ်ကုန်များသည် နာမည်ရရှိပြီးဖြစ်ပြီး ပြည်ပနိုင်ငံများအထိ တင်ပို့ ရသည်အထိ ဈေးကွက်ရရှိပြီးဖြစ်ကြောင်း၊ ထို့ပြင် ဈေးကွက်လိုအပ်ချက် ရှိပြီးသားဖြစ်သည့် ငှက်ပျောသီးကဲ့သို့သော သီးနှံများနှင့် အခြားစိုက်ပျိုးရေး ထုတ်ကုန်များကို ခေတ်မီနည်းစနစ်ကျစွာဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း။
ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပတ်သက်၍ ကုန်ဈေးနှုန်းကြီးမြင့်မှုတွင် Cost of Production (ထုတ်လုပ်မှုကုန်ကျစရိတ် များပြားခြင်းကြောင့် မြင့်မားခြင်း)နှင့် Supply and Demand (စားသုံးမှုနှင့် ထုတ်လုပ်မှုမမျှတခြင်းကြောင့် မြင့်မား ခြင်း)ဟူ၍ ရှိကြောင်း၊ မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်သဖြင့် အခြေခံစားသုံးကုန်များ ကုန် ဈေးနှုန်း မြင့်မား နေမှုများဖြစ်ပေါ်နေသည်မှာ သဘာဝမကျသည့်အတွက် တာဝန်ရှိသူ များ မှ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း။
တိုင်းဒေသကြီးအတွင်း မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက်နေ မှုနှင့် ပတ်သက်၍ မြို့ပြတည်ဆောက်ရေးတွင် ရေဖူလုံစွာရရှိရေးနှင့် အသုံးချနိုင် ရေး၊ ပညာရည်သင်ကြားမှုစနစ်မြင့်မားရေး၊ ကျန်းမာရေးဆိုင်ရာနှင့် သယ်ယူ ပို့ဆောင်မှုစနစ် Public Transportation များ ကောင်းမွန်မှုရှိရန် ထည့်သွင်းစဉ်း စားရမည်ဖြစ်ကြောင်း၊ လမ်းများဖောက်လုပ်မှုမှအစ နိုင်ငံတကာမှလက်ခံသည့် စံချိန်စံညွှန်းအတိုင်းဖြစ်ရန်နှင့် နောင်တစ်ချိန်တွင် လမ်းများတိုးချဲ့နိုင်ရေး ကြိုတင်တွက်ချက် ဖောက်လုပ်ရန်လိုသကဲ့သို့ လမ်းပခုံးများထည့်သွင်း တည်ဆောက်ရာတွင်လည်း လမ်းများ၏အဆင့်အလိုက် အဆင့်မီအောင် ထည့်သွင်း ဆောင်ရွက်ရန်လိုကြောင်း၊ သွားလာမှု ထွက်ပေါက်များကို စဉ်းစား ဆောင်ရွက်ထားရှိရန်လိုအပ်ပြီး လျှပ်စစ်ကိုအခြေခံသည့် လျှပ်စစ်ဘတ်စ်ကား လုပ်ငန်းများနှင့် လျှပ်စစ်မြို့ပတ်ရထားလမ်းများ၊ မြေအောက်ရထားလမ်းများ အထိ တွက်ချက်စဉ်းစားလုပ်ဆောင်ကြစေလိုကြောင်း၊ ထိုသို့သော စီမံချက်များ သည် အနာဂတ် plan များဖြစ်ပြီး မိမိတို့သည် ခေတ္တတာဝန်ယူထိန်းသိမ်းဆောင် ရွက်နေရသည့် အစိုးရဖြစ်သဖြင့် လက်ရှိ ပြည်သူလူထုရင်ဆိုင်နေရသည့် အခက် အခဲများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများကို အဓိကဦးစားပေးအနေ ဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ကောင်းမွန်သည့်ရေရှည်စီမံကိန်းများကို တတ်စွမ်းသရွေ့ ရေးဆွဲ ချမှတ်ဆောင်ရွက်ရန်လိုကြောင်း။
ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေများနှင့် ပတ်သက်၍ ပြင်ဦးလွင်မြို့သည် ခရီးသွားမြို့တော်၊ ပညာရေးမြို့တော်၊ ချယ်ရီမြို့တော်ဖြစ်ပြီး နိုင်ငံတကာက သိရှိထားသည့် ကောင်းမွန်သည့် နောက်ခံသမိုင်းကြောင်းများရှိ သည့်မြို့တစ်မြို့ဖြစ်ကြောင်း၊ ထို့အပြင် သာယာသော ရာသီဥတု၊ စိမ်းလန်းသော ပတ်ဝန်းကျင်ကို အခြေခံလျက် ကျန်းမာရေးစောင့်ရှောက်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများကို အဆင့်မြင့်မားစွာ ဆောင်ရွက်နိုင်သော ကျန်းမာရေးမြို့တော် အဖြစ်လည်း တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ နယ်ခံများ၏ အခြေခံစိုက်ပျိုးမွေးမြူရေး ထုတ်ကုန်လုပ်ငန်းများမှတဆင့် အဆင့်မြင့် ထုတ်ကုန်များနှင့် တန်ဖိုးမြင့်ထုတ်ကုန်များပေါ် ထွက်လာစေရေး လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်ရေးအတွက် နည်းစနစ်ကျနသည့် လုပ်ငန်းများဖြစ်ပေါ်လာစေရေး လိုအပ်သည့် နည်းပညာနှင့် အသိပညာပေးမှု များကို လုပ်ဆောင်ပေးသွားရန် လိုကြောင်း၊ မြေအသုံးချမှုစနစ်များလည်း မှန်ကန်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများကို အလုံပိတ်ကာရံခြင်း သည် သဘာဝပတ်ဝန်းကျင်နှင့် မြေဆီလွှာကို ထိခိုက်စေနိုင်သောကြောင့် လေဝင်လေထွက်နှင့် ရေဝင်ရေထွက် ကောင်းမွန်နိုင်သည့် ကာရံခြင်းများ ဆောင်ရွက်စေရေး ကြပ်မတ်ကြရန်လိုကြောင်း၊ စိုက်ပျိုးမြေများကို အခြား နည်းများဖြင့် အသုံးချမှုမရှိစေရေးနှင့် ချမှတ် ထားသည့်စည်းကမ်း၊ ဥပဒေ ျများနှင့် အညီသာ လုပ်ဆောင်ကြစေရေး ကြပ်မတ် ပညာပေးရမည်ဖြစ် ကြောင်း၊ ဒေသထွက် ဈေးကွက်ဝင်ထုတ်ကုန်များဖြစ်သည့် စတော်ဘယ်ရီ၊ မက်မန်း၊ ကော်ဖီ၊ တယ်သီးနှင့် နို့ထွက်ပစ္စည်းများ အခြား ထွက်ကုန်များကို ယခုထက်ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေး လုပ်ဆောင်ပေးသွားရန်လိုကြောင်း။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ပြင်ဦးလွင်မြို့သည် အေးမြပြီး သစ်ပင် ပန်းမန်များဖြင့် ရောင်စုံလှပသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ဥတုသုံးပါးလုံး ၌ လာရောက်အပန်းဖြေသည့် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များဖြင့် စည်ကား လျက်ရှိကြောင်း၊ မြို့အားလှည့်လည်ကြည့်ရှုရာတွင် သစ်ပင်များသည် အုံ့ဆိုင်း လျက်ရှိသည်ကို တွေ့ရှိရပြီး ဥတုရာသီ တောကိုမှီ ဆိုသော်လည်း ကျန်းမာရေး ပိုင်းနှင့် ကြည့်မည်ဆိုပါက သစ်ပင်များ အုံ့ဆိုင်းနေ၍ မရကြောင်း၊ အလင်းရောင် နှင့် သန့်ရှင်းလတ်ဆတ်သည့် လေကောင်းလေသန့်များရရှိရေးအတွက် လမ်း ဘေး ဝဲယာရှိ သစ်ပင်ကြီးများနှင့် ခြုံနွယ်များကို အလင်းဖွင့်ပေးရန်လိုကြောင်း၊ ခုတ်ထွင်ရှင်းလင်းရန်မဟုတ်ဘဲ အောက်ခြေပတ်ဝန်းကျင်နှင့် သစ်ကိုင်းများ ထူထပ်နေခြင်းကို ရှင်းလင်းကာ ကောင်းမွန်သည့် အလင်းရောင်နှင့် ခရီးသွား ဧည့်သည့်များ၏ မျက်စိပသာဒ ရှိစေရေး လုပ်ဆောင်ပေးရန်လိုကြောင်း၊ ခရီးသွား လုပ်ငန်းများမှတဆင့် ပြင်ဦးလွင်ဒေသကို ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခရီးသွားဧည့်သည်များ လမ်းလျှောက်နိုင်ရေး အတွက်လည်း လမ်းဧရိယာများကို တိုးချဲ့ဆောင်ရွက်သွားရန်နှင့် သန့်ရှင်း သပ်ရပ်မှုရှိအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
ထို့ပြင် ပြင်ဦးလွင်နှင့် မန္တလေးဒေသသည် ပညာရေးအားကောင်းသည့် ဒေသများဖြစ်သဖြင့် အားရကျေနပ်မိပါကြောင်း၊ ပညာရေးနောက်မကျ စေရေးအတွက် ကျောင်းများပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ပညာရည်မြှင့်တင်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေ များကြောင့် ခေတ္တပြန်လည်ပိတ်ထားခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် ကူးစက်ဖြစ်ပွား မှုနှုန်းလျော့ကျလျက်ရှိပြီး မျှော်မှန်းထားသည့် ပမာဏအထိ ကူးစက်ဖြစ်ပွားမှုများကို လျှော့ချနိုင်သည့်အချိန်တွင် ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားနှင့်ပတ်သက်၍လည်း မြှင့်တင် ပေးသွားမည်ဖြစ်ကာ ဘောလုံးကွင်းများအပါအဝင် အားကစားကွင်းများ အဆင့် မြှင့်တင်ခြင်းများလုပ်ဆောင်ပေးလျက်ရှိပြီး ပြင်ဦးလွင်တွင် လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်ရေးမြေအဖြစ် ဆောင်ရွက်နိုင်ကြောင်း။
နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် ကျေးလက် နှင့် မြို့ပြကွာခြားမှုများကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရမည်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါက မြို့ပြတွင် လူဦးရေ သိပ်သည်းမှုများ ကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ထမ်း ဆောင်နေရသည့် ဒေသများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို မိမိတို့တတ်စွမ်းသရွေ့ ကြိုးပမ်းတာဝန်ထမ်းဆောင်ကြရန် အကြံပြုတိုက်တွန်းပြောကြားလိုကြောင်း ဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် မန္တလေးတိုင်း ဒေသကြီးနှင့် ပြင်ဦးလွင်ခရိုင် မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်ကျေးရွာအုပ်စု စီမံခန့်ခွဲရေး ကောင်စီဥက္ကဋ္ဌများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။