နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ်ရှိ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

Tuesday, September 14, 2021 - 17:00

 

နေပြည်တော်၊ စက်တင်ဘာ ၁၄

         တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး လိုအပ် ချက်အရ နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန်ယူထမ်းဆောင်နေရခြင်း ဖြစ်ကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးပင်ဖြစ်သဖြင့် စည်းကမ်းသေဝပ်၍ အမိန့် နာခံမှုကောင်းစွာဖြင့် လုပ်ဆောင်ကြစေလိုကြောင်းနှင့် မိမိတို့တာဝန် ထမ်းဆောင်သည့် တပ်၊ တပ်မတော်၊ ဒေသနှင့် တိုင်းပြည်၏ အကျိုးစီးပွားကို ကောင်းမွန် တိုးတက်အောင် မိမိတို့ တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး မိမိကိုယ်ကို ထိန်းသိမ်း နေထိုင်ကြရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိကြီးများ၊ ကထိက အရာရှိကြီးများ၊ ပါရဂူဆေးမှူးများ၊ ဆရာ၊ ဆရာမများ၊ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစု များအား စစ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

         အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိိကြီးများနှင့် ဇနီးများ၊  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ကျောင်းအုပ်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိကြီးများ၊ ကထိက အရာရှိကြီးများ၊ ပါရဂူဆေးမှူးများ၊ ဆရာ၊ ဆရာမများ၊ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစု များတက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ များနှင့် နိုင်ငံတော်အတွက် တပ်မတော်၏ အရေးပါမှုအခန်းကဏ္ဍကို အရာရှိ၊ စစ်သည် မိသားစုများ သိရှိစေရန် အနည်းငယ်ပြောကြားလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်ပွားနိုင်သော မဲစာရင်းကြီးမားစွာ မှားယွင်းမှုများကို စိစစ်တွေ့ရှိရသဖြင့် တာဝန်ရှိသူအဖွဲ့အစည်း အဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး တင်ပြဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့် အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့်ရယူရန်ကြံစည်ကြိုးပမ်းမှုများကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေအဖြစ်ကြေညာကာ ယာယီသမ္မတ၏ တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော်၏တာဝန်ကို တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေသည့် အဖွဲ့အစည်းဖြစ်သဖြင့် နိုင်ငံ့အတွက် အရေးကြီးလှသည့် ပါတီစုံ ဒီမို ကရေစီလမ်းကြောင်းပေါ်မှ သွေဖီမသွားစေရန် လုပ်သင့်လုပ်ထိုက်၊ ပြောသင့်ပြောထိုက် သည်များကို ရွေးကောက်ပွဲ မတိုင်မီကာလများကပင် ထောက်ပြပြောဆိုခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် ရွေးကောက်ပွဲဥပဒေများကို ကျော်လွန်လုပ်ဆောင် ခဲ့သည့် အခြေအနေများကို တွေ့ရှိရသောကြောင့် ယခုကဲ့သို့ အခြေအနေများအထိ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာ သည့် ဒီမိုကရေစီ ဖြစ်စေရေးအတွက် တပ်မတော်အနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ခေတ္တတာဝန်ယူ ဆောင်ရွက် နေရသည့်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုသည် ဇွန်လနှင့် ဇူလိုင်လတို့တွင် အဆိုးဆုံး အခြေအနေ ဖြစ်ပေါ်ခဲ့ပြီး သေဆုံးမှုနှုန်းလည်း မြင့်မားခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ရောဂါ ကူးစက်မှုနှုန်း မြန်ဆန်ပြင်းထန်လာမှုကို ထိန်းချုပ်နိုင်ရန်နှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် မိမိကိုယ်တိုင်ဦးဆောင်၍ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များကို တက်ညီလက်ညီဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ရောဂါ ခံစားနေရသူများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် အောက်ဆီဂျင်လိုအပ်ချက်များကို အမြန်ဆုံး ရရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့ပြင် ကာကွယ်ဆေးများ ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ရရှိလာသည့် ကာကွယ်ဆေးများကို ဒေသ အလိုက် ဦးစားပေး အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ကူးစက်ဖြစ်ပွားနှုန်း လျော့ကျလာလျက်ရှိသည်ကို တွေ့ရှိရပြီး တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှု၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် ပြည်သူတို့၏ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ယခုကဲ့သို့ ကူးစက်ဖြစ်ပွားမှုနှုန်းကို ထိရောက်စွာ ထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း။

ထို့ပြင် ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသည့်စီးပွားရေးလုပ်ငန်းများကို အမြန်ဆုံး ကုစားပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင်သာမက နိုင်ငံ တကာတွင်လည်း အလုပ်သမားရှားပါးခြင်း၊ လုပ်အားခစရိတ်၊ သယ်ယူပို့ဆောင်မှုစရိတ် မြင့်မားမှုများကြောင့် စီးပွားရေးတွင် ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အဓိကထုတ်လုပ်သည့် နိုင်ငံ ဖြစ် သဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆက်မပြတ်စေရေးနှင့် အထွက်နှုန်း ကောင်းမွန် စေရေး အားပေးဆောင် ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုမြင့်မားပါက ထုတ်လုပ်သူ၊ အလုပ်သမား၊ ဆက်စပ် လုပ်ငန်းများသာမက ပို့ကုန်ပမာဏကိုပါ မြှင့်တင်နိုင်မည်ဖြစ်သဖြင့် နိုင်ငံ့၏ စီးပွားရေးကိုလည်း မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဆန်နှင့် ရေထွက် ထုတ်ကုန်များ ပြည်ပသို့ တင်ပို့ရောင်းချရလျက်ရှိသော်လည်း ဆီနှင့် အချို့သော ကုန်ပစ္စည်း များကို တင်သွင်းနေရသောကြောင့် ပြည်တွင်းကုန် ထုတ်လုပ်မှု မြင့်တက် လာစေရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် ပတ်သက်၍ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်ခွင့်ပြုထားပြီး အခြား ပိတ်ထား ရသည့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည် လည်ပတ်နိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည်စုံ သည့် ပညာတတ် လူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်ပြီး အခြေခံမှာ အတန်းပညာ တတ်မြောက်ရန်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန် များကို ထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ထားရသည့် ကျောင်းများကို  နိုင်ငံတော်၊ မိဘနှင့် ကာယကံရှင် ကျောင်းသားကျောင်းသူများတွင် နစ်နာ မှုများဖြစ်ပေါ်မှုမရှိစေရေး ပြန်လည်ဖွင့်လှစ်သင်ကြားစေခဲ့ကြောင်း၊ သို့သော်လည်း ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်းဖြစ်ပေါ်ခဲ့သဖြင့် ကျောင်းများယာယီပိတ်ထားခဲ့ရပြီး ကောင်းမွန် စွာ ထိန်းချုပ်နိုင်သည့် အချိန်တွင် ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ကြိုးပမ်းလုပ်ဆောင် လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အထက်တန်းပညာ မသင်ကြားဖူးသူနှင့် စာလုံးဝမတတ်မြောက်သူဦးရေသည် မြင့်မားလျက်ရှိသည်ကို တွေ့ရှိ ရသဖြင့် ပညာရေးနှင့်  ပတ်သက်ပါက အလေးထားဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ် ကြောင်း။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေး ထား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိသည့် အချိန်ကတည်း ကပင် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများကြောင့် လက်နက် ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့ရသဖြင့် ပြည်သူတစ်ရပ်လုံးလိုလားတောင့်တနေသည့် ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ရေွးကောက်ပွဲအား ပြန်လည်ကျင်းပပေးသွားမည်ဖြစ်ကြောင်း။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး လိုအပ်ချက်အရ နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန်ယူထမ်းဆောင်နေရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်နိုင်ရန်အတွက် မိမိတို့တစ်ဦးချင်း၏ တာဝန် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရန်နှင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိထမ်းဆောင်ရသည့် တာဝန်များကို ကျွမ်းကျင်မှုရှိအောင် အမြဲမပြတ် လေ့လာရန်၊ လေ့ကျင့်ရန်နှင့် စစ်စည်းကမ်းကို တိကျစွာ လိုက်နာရန် လိုအပ်မည်ဖြစ် ကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးပင်ဖြစ်ပြီး စည်းကမ်းသေဝပ်၍ အမိန့် နာခံမှုကောင်းစွာဖြင့် လုပ်ဆောင်ကြစေလိုကြောင်း၊ မိမိတို့သင်ကြားခဲ့ရသည့် စစ်နည်းဗျူ ဟာများကို ပိုင်နိုင်ကျွမ်းကျင်မှုရှိအောင် လေ့လာလေ့ကျင့်ရုံသာမက လက်တွေ့စစ်မြေပြင် တွင်လည်း ထိရောက်စွာ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ အခြေခံစစ်နည်းဗျူဟာနှင့် စစ်ပညာများကို လိုက်နာမှုမရှိပါက စစ်မြေပြင်တွင် ပေးဆပ်မှုများ ကြီးမားနိုင်သည်ဖြစ် သဖြင့် စစ်သည်တစ်ဦးချင်းအနေဖြင့် ကျန်းမာ၊ ကြံ့ခိုင်၊ ကျွမ်းကျင်မှုရှိအောင် လေ့ကျင့် နေရမည်ဖြစ်ကာ စစ်စည်းကမ်းနှင့် အမိန့်နာခံမှု ကောင်းမွန်ရမည်ဖြစ်ကြောင်း။

ပြင်ဦးလွင်တွင် တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းများစွာရှိပြီး လေ့ကျင့်ရေး ၏ အခြေခံ ဘူမိနတ်သန် ပင်ဖြစ်သည့်အတွက် အရည်အချင်းပြည့်ဝပြီး အရည်အသွေး ထက်မြတ်ကောင်းမွန်သည့် အရာရှိ၊ စစ်သည်များ ထွက်ပေါ်လာအောင် နည်းပြများအနေ ဖြင့် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်တန်းသားများ၏ အရည်အသွေးမြှင့်တင် နိုင်ရေး အမြဲမပြတ် လေ့လာဖော်ထုတ်နေရမည်ဖြစ်ကာ သင်တန်းဆင်းလာပါက ၎င်း၏ အရည်အချင်းနှင့်ကိုက်ညီသည့် လူမှန်နေရာမှန် တာဝန်ပေးအပ်နိုင်ရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးဆောင်ရွက်ကြစေလိုပြီး နိုင်ငံ တော်နှင့် တပ်မတော်အတွက် အားကိုးအားထားရသည့် အရာရှိ၊ စစ်သည်များကို မွေးထုတ် ပေးကြရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အရည်အသွေးပြည့်ဝသော တပ်မတော်ဖြစ်စေရေး အတွက် တပ်မတော်စွမ်းရည်ထက်မြက်ရေး၊ စွမ်းပကားမြင့်မားရေးကို အလေးထား ဆောင်ရွက်ပေးခဲ့ပြီး စစ်သည်များ ပညာရည်မြင့်မားရေး၊ မိသားစုများ၏ စားဝတ်နေရေး အဆင်ပြေချောမွေ့မှုရှိစေရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် မိမိ တို့နိုင်ငံ လူဦးရေ၏ ၅၂ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သောကြောင့် အမျိုးသမီး အရာရှိ၊ စစ်သည်များ ထွက်ပေါ်လာအောင် လုပ်ဆောင်ပေးခဲ့ကာ နိုင်ငံတကာ တပ်မတော်များနှင့် ရင်ဘောင်တန်းနိုင်အောင် ကြိုးပမ်းလုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း။

ထို့ကြောင့် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိတို့၏ ကိုယ်စီတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကာ မိမိဘဝတိုးတက်စေရေးကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း၊ ထိုသို့လုပ်ဆောင်ကြရာတွင်လည်း ရောင့်ရဲတင်းတိမ်သည့်စိတ်ဖြင့် ရိုးသားကြိုး စားစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိ ဝင်ငွေနှင့် ထွက်ငွေမျှတအောင် နေထိုင်သွားကြရန် တိုက်တွန်းလိုပြီး မိမိတို့၏ ကြိုးစားမှု၊ စည်းကမ်းလိုက်နာမှု၊ ကျန်းမာရေးကောင်းမွန် အောင်  နေထိုင်စားသောက်မှုများအလိုက် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အသိတရား၊ သတိတရားလက်ကိုင်ထား၍ မိမိတို့၏ ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများကို အသုံးချကာ ဘဝကို တည်ဆောက်ကြစေလိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်သည့် တပ်၊ တပ်မတော်၊ ဒေသနှင့် တိုင်းပြည်၏ အကျိုးစီးပွားကို ကောင်းမွန်တိုးတက်အောင် မိမိတို့ တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ကြစေ လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက် များကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာ ကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။