တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း
နေပြည်တော်၊ စက်တင်ဘာ - ၅
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၅ လုံး၊ Flow Meter ၂ စုံ၊ Face Shield ၅ ခု၊ Mask ၅၀ ဘူးတို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် တမူးမြို့တို့ရှိ ပြည်သူ့ဆေးရုံ များတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် Mask များနှင့် PPE ဝတ်စုံများကိုလည်းကောင်း တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် နယ်မြေခံ တပ်မတော်သားများက သွားရောက်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ သည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် လူထုအခြေပြုဖျားနာကု ဆေးခန်း ပြင်ဆင်ထားရှိမှုနှင့် ကုသပေးနေမှုအခြေအနေများကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ကလေးမြို့၊ သီတဂူစက္ခုဒါနဆေးရုံ၌ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ ၂၀၀ လုံး ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက် ထုတ်လုပ်လည်ပတ်မှုများကိုလည်းကောင်း တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။