နေပြည်တော်၊ ဒီဇင်ဘာ - ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ပေ ၆၀၀၀ ကျော်အမြင့်ရှိ စိန်လုံတောင်တန်းပေါ်တွင်ရှိသော ယိုးယွင်းပျက်စီးလျက်ရှိသည့် စိန်လုံ(ပန်မူ)နှစ်ခြင်းခရစ် ယာန်ကျောင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ နယ်မြေခံဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲက ဒီဇင်ဘာ ၁၀ ရက်နေ့ မှစတင်၍ ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ကျောင်း၏ သွပ်မိုးများလဲပေးခြင်း၊ အတွင်း၊ အပြင်နံရံများ ဆေးသုတ်ပေးခြင်း၊ ပြတင်းတံခါးများ ပြုပြင်ပေးခြင်း၊ ဟောပြောစင်မြင့်များအား ဆေးသုတ်ပေးခြင်း၊ ဘုရားကျောင်း အတွင်းမီးများ တပ်ဆင်ပေးခြင်းတို့ကို မူလလက်ရာအတိုင်းပြုပြင်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ပြုပြင်ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့သော စိန်လုံ(ပန်မူ)နှစ်ခြင်းခရစ်ယာန် ကျောင်းအပါအဝင် အသင်းတော်အဆောင်၊ မူကြိုကျောင်း၊ မီးဖိုဆောင်နှင့် ဘုရားကျောင်း အဝင်အလမ်းများအား ပြုပြင်မွမ်းမံဖောက်လုပ်ပြီးစီးသဖြင့် လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာ ဗန်းမော်တပ်နယ်မှ ဗိုလ်မှူးကြီး သက်အောင်ဇင်၊ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်(KBC)ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်၊ အတွင်းရေးမှူး(KBC)ဦးတူးမိုင်၊ သိက္ခာတော်ရဆရာတော်များ၊ သင်းအုပ်ဆရာတော်ကြီး များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်မှူးကြီး သက်အောင်ဇင်က ဘုရားကျောင်းပြုပြင်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စိန်လုံ(ပန်မူ)နှစ်ခြင်းဘုရားကျောင်းဝင်းအတွင်းရှိ နှစ်ခြင်းဘုရား ကျောင်းတော်၊ အသင်းတော်အဆောင်၊ မူကြိုကျောင်း၊ မီးဖိုဆောင်နှင့်ဘုရားကျောင်းအဝင် လမ်းပြုပြင်ပြီးစီးမှုမှတ်တမ်းဓာတ်ပုံများကို သင်းအုပ်ဆရာတော် ဦးJM ကာမွန်ထံ လွှဲပြောင်း ပေးအပ်သည်။ ထို့နောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်(KBC)ဥက္ကဋ္ဌက ကျေးဇူး တင်စကားပြန်လည်ပြောကြားပြီး ဆုတောင်းမေတ္တာပို့သသည်။
အဆိုပါ မိုးမောက်မြို့နယ်၊ ပန်မူကျေးရွာအုပ်စု၊ ပန်မူကျေးရွာရှိ စိန်လုံ(ပန်မူ) နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းသည် ၁၉၆၂ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မီးလောင်ဒဏ်ကြောင့် ပျက်စီးယိုးယွင်းခဲ့ကာ ထိန်းသိမ်းမှုမရှိဘဲ ယိုးယွင်းပျက်စီးလျက်ရှိကြောင်း သိရှိရသည်။ ပျက်စီးယိုယွင်းလျက်ရှိသော ပန်မူကျေး ရွာရှိ စိန်လုံ(ပန်မူ)နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို မူလအတိုင်းပြန်လည်ပြုပြင်စေလို ကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီဇင်ဘာလ ပထမပတ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းသို့ရောက်ရှိစဉ် ကချင် နှစ်ချင်းခရစ်ယာန် အသင်းချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က တင်ပြခဲ့ခြင်းကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက စုပေါင်းလှူဒါန်းပြီး နယ်မြေခံတပ်မတော်သားများက ပန်မူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခေါင်လွန်း ဦးစီး၍ ရွာသူရွာသားများနှင့် ပူးပေါင်း၍အလျင်အမြန် ပြီးစီးရေးဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်တွင် ပြင်ဆင်မှုအားလုံးဆောင်ရွက်ပြီးစီးခဲ့သဖြင့် ယခုကဲ့သို့လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။