စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သောင်း (၇၁)နှစ်အား သတ်ဖြတ်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဩဂုတ် ၂၁
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်တွင် စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းသည် တစ်ရွာတည်းနေ ဦးအောင်ညွှန့် နှင့်အတူ ဆိုင်ကယ်ဖြင့် စစ်ကိုင်းမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးမှ လစာထုတ်ပြီး ဆင်တပ် ကျေးရွာသို့ ပြန်လာစဉ် စစ်ကိုင်းမြို့နယ်၊ ကံတလူဘုရားအနီး အရောက်၌ အကြမ်းဖက်သူ ၂ ဦးမှ ဆိုင်ကယ်ဖြင့် လိုက်ပါလာပြီး ဦးအောင်သောင်းအား ဓါးဖြင့် ထိုးခဲ့သဖြင့် ဦးအောင်သောင်းသည် ဓားဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ပြီး ဦးအောင်ညွှန့်မှာ ထွက်ပြေးလွတ်မြောက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက် ခဲ့ရာ ဩဂုတ်လ ၂၀ ရက်တွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောမြောက်ကျေးရွာအဝင်၌ လူသတ်မှုတွင် ပါဝင်သူ တရားခံ သန်းနိုင်စိုး၊ “မြတ်နိုးဦး” လက်ဖက်ရည်ဆိုင်ပိုင်ရှင်၊ ဆင်တပ်ကျေးရွာနေသူအား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန် ရာတွင် အုန်းတောမြောက် ကျေးရွာနေသူများဖြစ်သည့် အောင်ဇော်မင်း(ခ)မင်းမင်း၊ အေးမင်းသက်၊ အောင်လင်းခန့် တို့ ၃ ဦးနှင့် ချောင်းဦးကျေးရွာနေသူ ဘုန်းမြတ်နိုင် တို့ပါဝင်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ အောင်လင်းခန့် အား အုန်းတောမြောက် ကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
၎င်းနောက် ဆက်စပ်တရားခံများဖြစ်သော အောင်ဇော်မင်း(ခ)မင်းမင်းနှင့် အေးမင်းသက်တို့၏ နေအိမ်များသို့ သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံများမှာ ထွက်ပြေး တိမ်းရှောင်နေပြီး အောင်ဇော်မင်း(ခ)မင်းမင်း၏ နေအိမ်အိပ်ခန်းအတွင်းရှိ ဗီရိုပေါ်မှ လူသတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော သွေးစွန်းနေသည့် ဓါးမြှောင် ၁ ချောင်းအား သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းနောက် တရားခံ ဘုန်းမြတ်နိုင် အား သွားရောက် ဖမ်းဆီးခဲ့ရာ ချောင်းဦးကျေးရွာရှိ ၎င်း၏နေအိမ်၌ လက်လုပ်မိုင်း ၉ လုံးနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဦးအောင်သောင်းအား သတ်ဖြတ် ရန် NLD ပါတီအမာခံများဖြစ်သည့် ယခင်ဆင်တပ်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး(ဟောင်း) ခင်မောင်ကြည်(ဖမ်းဆီးရန်ကျန်)နှင့် ၎င်းကျေးရွာနေ ခင်မောင်ဦး (ဖမ်းဆီးရန်ကျန်) တို့မှ ငွေကျပ် ၅ သိန်းပေး၍ လုပ်ကြံခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိတရားခံများအနက် ဘုန်းမြတ်နိုင်သည် အောင်ဇော်မင်း(ခ)မင်းမင်း (ဖမ်းဆီးရန်ကျန်) ၊ အောင်လင်းခန့်(ဖမ်းဆီးရန်ကျန်) ၊ အေးမင်းသက် (ဖမ်းဆီးရန်ကျန်) တို့နှင့်အတူ ဇွန်လခန့်တွင် စစ်ကိုင်းမြို့နယ်၊ ပန်းချီကျေးရွာအနီး တောတွင်း၌ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် ဘုန်းမြတ်နိုင် သည် အောင်ဇော်မင်း(ခ) မင်းမင်း ထံမှ လက်လုပ်မိုင်း ၉ လုံး ရရှိခဲ့ပြီး ၎င်းလက်လုပ်မိုင်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အထက်ပါ စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းအား သတ်ဖြတ်ခဲ့သည့် တရားခံ ၃ ဦးအား လက်လုပ်မိုင်း ၉ လုံး၊ လူသတ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓါးမြှောင် ၁ ချောင်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် ဆက်စပ်တရားခံ အောင်ဇော်မင်း(ခ) မင်းမင်း၊ အေးမင်းသက်နှင့် သတ်ဖြတ်ရန် ခိုင်းစေခဲ့သည့် NLD ပါတီအမာခံ ခင်မောင်ကြည်၊ ခင်မောင်ဦး တို့အား အမြန်ဆုံး ဖမ်းဆီးရမိရေး အတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန် အပ်ပါသည်။