ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်သုံးဆေးဝါးများသိုလှောင်ခြင်း အမြတ်တင် ရောင်းချ နေသည့် ဆေးဂိုဒေါင်များကို စိစစ်အရေးယူ

Friday, August 13, 2021 - 16:30

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်သုံးဆေးဝါးများသိုလှောင်ခြင်း အမြတ်တင် ရောင်းချ နေသည့် ဆေးဂိုဒေါင်များကို စိစစ်အရေးယူ

ရန်ကုန် ၊ ဩဂုတ် ၊ ၁၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန် ချက်နှင့် အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေစဉ်ကာလအတွင်း အများပြည်သူအတွက် ဆေးဝါးဈေးနှုန်း မြင့်မားခြင်းမရှိစေရန် ရည်ရွယ်၍ ဆေးဂိုဒေါင်များကို မြို့နယ်အလိုက် အဖွဲ့များဖွဲ့၍ စစ်ဆေးဆောင်ရွက် လျှက်ရှိပါသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် နေ့စဉ်ရောင်းဝယ်နေမှုများကို မထိခိုက်စေရန် ဆေးဝါး ဖြန့်ချီရောင်းချနေသော မင်္ဂလာဈေး၊ ရွှေပြည့်စုံဈေး၊ သိမ်ကြီးဈေး၊ ဗိုလ်ချုပ်ဈေးမှ လက်လီ၊ လက်ကားဆိုင်ကြီးများကို ဝင်ရောက် စစ်ဆေးခြင်းမပြုဘဲ သီးသန့်ဂိုဒေါင်များဖြင့် သိုလှောင်ထားသော ဆေးဂိုဒေါင် (၂၂ ခုကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးများကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ် ရေးမှူးများ၊ ဆေးဂိုဒေါင်ပိုင်ရှင်နှင့် ကိုယ်စားလှယ်များ ရှေ့မှောက် တွင် ဂိုဒေါင်လက်ကျန် စာရင်းကောက်ယူခြင်း၊ ကုန်ပစ္စည်းအဝင်အထွက်လယ်ဂျာများ စစ်ဆေးခြင်း၊ ခွင့်ပြုချက် လိုင်စင်ရှိ/မရှိ၊ ယခင်ကပင် ဆေးပစ္စည်းများ တင်သွင်းရောင်းချခြင်း (သို့မဟုတ်) ယခု ကာလမှသာ ဈေးကွက်အတွင်းမှ ဆေးပစ္စည်းများကို ဝယ်ယူသိုလှောင်ခြင်း၊ ပစ္စည်းများကို ထိန်းချုပ် ထားခြင်း (သို့မဟုတ်) အမြတ်ကြီးစားရောင်းချရန် ရည်ရွယ်သိုလှောင်ခြင်းရှိ/မရှိ / ဒုတိယနေ့ အဖြစ်ထပ်မံဖော်ထုတ် စစ်ဆေးမှုများ ကို ဆောင်ရွက်လျက်ရှိပါသည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စိစစ်နေစဉ်ကာလအတွင်း ဆေးဝါးများ ပုံမှန် ရောင်းချ ခြင်းလုပ်ငန်း ထိခိုက်မှု မရှိစေရန် ဈေးကွက်အတွင်းသို့ ပို့ဆောင်လိုပါကလည်း ပို့ဆောင်မည့် ပစ္စည်းစာရင်းနှင့် ပို့ဆောင်မည့် ဒေသကို မှတ်သား၍ လွတ်လပ်စွာ ပို့ဆောင်ခွင့်ပြုထားပါသည်။ ဩဂုတ်လ ၁၂ ရက်နေ့တွင် ဂိုဒေါင် (၂၂)လုံးကို ပူးပေါင်းအဖွဲ့ဖြင့် ထပ်မံစစ်ဆေးခြင်း ပြုလိုက်သဖြင့် ဆေးဝါးဈေးကွက်အတွင်း လက်လီ လက်ကားရောင်းချသော ဈေးများတွင် အများပြည်သူအသုံးများသော ဆေးများ၏ ဈေးနှုန်းများ သိသိသာသာ ကျဆင်း သွားကြောင်း လည်း သိရှိရပါသည်။

ဒုတိယအသုတ် စစ်ဆေးနေသော ဆေးဂိုဒေါင်များအနက် ဈေးနှုန်းမြင့်တင့်ရန် ရည်ရွယ်ချက်ဖြင့် ထိန်းချုပ်ရောင်းချခြင်း၊ ပြည်တွင်းပြည်ပမှ ဝယ်ယူတင်သွင်းသည့် အထောက်အထားများ တင်ပြနိုင်မှု မရှိခြင်း၊ သိုလှောင်ထားသည့် ပမာဏများပြားသဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်း များတွေ့ရှိသဖြင့်ဥပဒေနှင့်အညီ ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ပါသည်။ ပုံမှန် ရောင်းချလျက်ရှိသည့် ဂိုဒေါင်များကို ဆေးဝါးများဈေးနှုန်းမြင့်မားစေရန်၊ ဈေးကွက်အတွင်း ဆေးဝါး ဖြန့်ဖြူးမှုထိန်းချုပ်ခြင်းမပြုရန်၊ အမြတ်ကြီးစားရောင်းချခြင်းမပြုရန် သတိပေးပြီးခံဝန်ကတိ လက်မှတ်ရေးထိုး စေမည် ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းနှင့်အညီ ပုံမှန်တင်သွင်းဖြန့်ဖြူး ရောင်းချသော ကုမ္ပဏီ များကို တစ်စုံတစ်ရာအရေးယူဆောင်ရွက်ခြင်းပြုမည်မဟုတ်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၃ ရက်နေ့တွင်လည်း အိမ်သုံးဆေးဝါးသိုလှောင်သည့် ဂိုဒေါင်(၉)လုံးကို ပူးပေါင်း အဖွဲ့ဖြင့် ထပ်မံစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။