တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်တားဆီးရေး အထောက် အကူပြု ဆေးဝါးများ ဆက်လက်ပို့ဆောင်

Wednesday, August 11, 2021 - 17:30

 

နေပြည်တော်၊ ဩဂုတ်-၁၁

         ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားမှုမြင့်တက်လျှက်ရှိပြီး ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့်သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ ဆေးရုံ များ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျှက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် ရန်ကုန်မြို့၊ စကားဝါလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုဆေးသိုလှောင်ရေးဌာန (CMSCC)မှအထောက်အကူပြု ဆေးဝါးများကို ယနေ့နံနက်ပိုင်းတွင်ရန်ကုန်မြို့၊ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ တပ်မတော်(လေ)ပို့ဆောင်ရေးလေယာဉ်ဖြင့်ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့သို့ ပို့ဆောင်ပေးသည်။

အဆိုပါ ဗဟိုဆေးသိုလှောင်ရေးဌာန (CMSCC) မှ ပို့ဆောင်ပေးသောဆေးဝါးများတွင် စက္ကူ တစ်ဖာလျင် Paracetamol ဆေးကပ် အရေအတွက်(၂၀၀၀)ပါဝင်သောစက္ကူ ဖာ (၂၀)ဖာ၊ စက္ကူ တစ်ဖာလျင် Multivitamin ဆေးကပ် အရေအတွက် (၄၈၀၀၀)ပါဝင်သောစက္ကူဖာ  (၄၈)ဖာနှင့် အခြားအထောက်အကူပြု ပစ္စည်းများအပါဝင် ကုန်ချိန် (၄၇၄၂) ကီလိုဂရမ်အားပို့ဆောင်ပေးရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ တရုတ်နိုင်ငံမှရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac များကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမရေးဦးစီး ဌာန၊ ဗဟို ကာကွယ်ဆေးသိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၌ထားရှိရာ အဆိုပါ ဆေးပစ္စည်း များကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့သို့ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac ၃၆၅၆၈ လုံးနှင့် မန္တလေးမြို့သို့ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac ၉၇၅၂၂ လုံးတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်များဖြင့် ဆက်လက်ဖြန့်ဖြူးပေးသည်။

ထို့ပြင် ဝေးလံခေါင်ပါးသောဒေသများသို့ တပ်မတော်လေယာဉ်များနှင့် မြန်မာ့လေ ကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်းခရီးစဉ်များဖြင့် ဆက်လက်ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။