(၁၅)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (15th ANCM) ကျင်းပ

Wednesday, August 11, 2021 - 17:15

(၁၅)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (15th ANCM) ကျင်းပ

          ဘရူနိုင်းနိုင်ငံကလက်ခံကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံရေတပ် ဦးစီးချုပ်များအစည်းအဝေး (15th ANCM) ကို Video Conference ဖြင့် ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

          အဆိုပါ Video Conference တွင် အာဆီယံရေတပ်ဦးစီးချုပ်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာအစည်းအဝေး၏ သဘာပတိဖြစ်သူ ဘရူနိုင်းနိုင်ငံရေတပ်ဦးစီးချုပ် First Admiral Spry Bin Haji Serudi@Haji Seruji က (၁၅)ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များအစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး အစည်း အဝေးကို ဖွင့်လှစ်ပေးသည်။

          ယင်းနောက် ယခင်နှစ် (၁၄)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးမှတ်တမ်းအား အတည်ပြုသည်။ ထို့နောက် ANCM အမြဲတမ်းပူးတွဲ အတွင်းဝန်က ဒေသတွင်းပင်လယ်ရေကြောင်းလုံခြုံရေး အခြေအနေများအား အကျဉ်းချုပ်တင်ပြဆွေးနွေးပြီး အစည်းအဝေးတက်ရောက်လာကြသော အာဆီယံ ရေတပ်ဦးစီးချုပ်များက Blue Economy: "We care, We prepare, We prosper "ပင်လ​ယ်ပြာစီးပွားရေးအပေါ် ဂရုပြု ပြင်ဆင် အောင်ပွဲဝင်" ဟူသောခေါင်းစဉ်အား နိုင်ငံအလိုက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် မှ မြန်မာနိုင်ငံအတွင်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအား ဦးစားပေးလုပ်ငန်းရပ်အနေဖြင့် ဆောင်ရွက်နေမှုများ၊ ဒေသတွင်းရေကြောင်းလုံခြုံရေးအခြေအနေများ၊ Blue Economy နှင့်ပတ်သက်၍ ASEAN အဖွဲ့အနေဖြင့် ပူးပေါင်းလုပ်ဆောင်မှုတိုးမြှင့် ဆောင်ရွက်သွားရန်အခြေအနေများအား ဆွေးနွေးခဲ့ပြီး ASEAN ရေတပ်ဦးစီးချုပ် များမှ ဒေသတွင်း ပင်လယ်ပြင်လုံခြုံရေးကို စုပေါင်း၍ တိုးမြှင့်ဆောင်ရွက်ကြရန်၊ လက်ရှိ COVID-19 ရောဂါသက်ရောက်မှုအရ New Normal အခြေအနေတွင် အကောင်းဆုံးဖြေရှင်းမှုကို အာဆီယံ Teamwork ဖြင့် ဆောင်ရွက်ကြရန်နှင့် ပင်လယ်ပြာစီးပွားရေး လုပ်ငန်းစဉ်ကို ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ကြရန်တို့ကို အမြင်ချင်းဖလှယ်ကြသည်။

          ၎င်းနောက် အာဆီယံရေတပ်လေ့ကျင့်ရေးဆိုင်ရာ အတွေ့အကြုံများဖလှယ် ရေးအစီအစဉ်၏ လုပ်ငန်းကျွမ်းကျင်အဖွဲ့အစည်းအဝေး ANTEEP (အန်းတိပ်) Working Group ဆွေးနွေးချက်ရလဒ်များ၊ (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း လုံခြုံရေးနှီးနှောဖလှယ်ပွဲ (4th International Maritime Security Symposium (IMSS-2021)နှင့် (၁၇) ကြိမ်မြောက် အနောက်ပစိဖိတ် ဒေသရေတပ် နှီးနှောဖလှယ်ပွဲ (17th Western Pacific Naval Symposium– WPNS) နှင့်ပတ်သက်ပြီး  သက်ဆိုင်ရာနိုင်ငံများက တင်ပြသည်။ အာဆီယံရေတပ် များ ပူးပေါင်းလေ့ကျင့်ခန်း (ASEAN Multilateral Naval Exercise-AMNEX) (အန်းနက်) နှင့် အာဆီယံရေတပ်များ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အား ဆက်လက်ဆွေးနွေးခဲ့ကြသည်။

          ထို့နောက် ၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ပြုလုပ်မည့် (၁၆)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်း (16th  ANCM)၊ ၂၀၂၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ပြုလုပ်မည့် (၁၇)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (17th ANCM)နှင့် ဒုတိယအကြိမ် မြောက် အာဆီယံရေတပ်များ ပူးပေါင်းလေ့ကျင့်ခန်း (2nd ASEAN Multilateral Naval Exercise – AMNEX)တို့နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြပြီး သဘာ ပတိ၊ ဘရူနိုင်းရေတပ်ဦးစီးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်း အဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။