နေပြည်တော်၊ ဩဂုတ်- ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး လုပ်ရပ်များတွင် အသုံးပြုရန်အတွက် ပစ္စည်းများသိုဝှက်သိမ်းဆည်းထားရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစဉ် တရားခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တိုက်ခန်းပေါ်မှ ခုန်ချထွက်ပြေးရန် ကြိုးစားသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၀ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၄၄)လမ်း၊ တိုက်အမှတ်(၁၆)၊ (၃)လွှာ၌ ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ရပ်များတွင် အသုံးပြုရန်အတွက် ပစ္စည်းများ သိုဝှက်သိမ်းဆည်းထားရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ တိုက်ခန်းအတွင်းမှ သီဟကောင်းဆက်(၂၀)နှစ်ပါ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား အကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုမည့်ပစ္စည်းများဖြစ်သော လက်လုပ်ဗုံးမျိုးစုံ ၁၆ လုံး၊ ယမ်းပျော့ ၂ ချောင်း၊ ၁ ထုပ်လျှင် ဗျောက်အိုး ၅၀ ပါ အထုပ် ၂ ထုပ်အပါအဝင် ဆူပူအကြမ်းဖက် ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ထို့သို့လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေစဉ် အခန်းအတွင်း ကျန်ရှိနေသည့် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးစစ်ဆေးခြင်းကို ခံယူခြင်းမရှိဘဲ အဆိုပါတိုက်ခန်း ၃ လွှာ အနောက်ဘက်ရှိ ပြတင်းပေါက်မှ ခုန်ချထွက်ပြေးခဲ့သဖြင့် တိုက်ခန်းအောက်ခြေရှိ ကွန်ကရစ်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျခဲ့၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကာ အမျိုးသား ၃ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လိုအပ်သော ဆေးဝါး ကုသမှုခံယူနိုင်ရေးအတွက် တပ်မတော်ဆေးရုံ(ကုတင်-၁၀၀၀)သို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် လူသေဆုံးမှုများနှင့်ပတ်သက်၍ ရဲလုပ်ငန်းစဉ်များနှင့်အညီ သေမှု သေခင်းရေးဖွင့်ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိထားသူ တရားခံများနှင့် ဆက်စပ်တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လိုအပ်သော စုံစမ်းစစ်ဆေးမှုများဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။