နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၃၀၀)၌ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံ   စတင်ဖွင့်လှစ် နေပြည်တော် သြဂုတ် ၆

Friday, August 6, 2021 - 16:45

နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၃၀၀)၌ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံ   စတင်ဖွင့်လှစ်
နေပြည်တော် သြဂုတ် ၆
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်ရှိ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး ခုတင် (၃၀၀) ဝန်းအတွင်း တည်ဆောက်ထားသည့် ကျန်းမာရေး ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံ (Liquid Oxygen Plant) (နေပြည်တော်) ကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးရွှေလေး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများသည်   စက်ရုံ အတွင်း အောက်ဆီဂျင်ထုတ်လုပ်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးနှင့် တာဝန်ရှိသူများက အောက်ဆီဂျင် ထုတ်လုပ်မှု အဆင့်ဆင့်၊ ထုတ်လုပ်နိုင်မှုနှင့် ဖြန့်ဖြူးသွားမည့် အခြေအနေများကို လိုက်လံရှင်းလင်း ပြသကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အောက်ဆီဂျင် ထုတ်လုပ်မှု အဆက်မပြတ်စေရေးအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည်(Liquid Oxygen)နှင့် အောက်ဆီဂျင်အိုးများ ဖြည့်တင်းပေးသွားမည့် အခြေအနေကို ရှင်းလင်းပြောကြားပြီး  ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်သည်များကို မှာကြားသည်။
ယနေ့စတင်ဖွင့်လှစ်သည့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံ (Liquid Oxygen Plant) (နေပြည်တော်)သည် မြေအကျယ်အဝန်း အလျား ၁၀၂ ပေ၊ အနံ ၆၆ ပေပေါ်တွင် တည် ဆောက်ထားသည့် Steel Structure အမျိုးအစားဖြစ်ပြီး အောက်ဆီဂျင်ဖြည့်စင်၊ ရုံးခန်းနှင့် သိုလှောင်ခန်းတို့ပါဝင်သည့် အဆောက်အဦနှစ်လုံးပါဝင်ကာ ၁၀ မိနစ်လျှင် လီတာ ၄၀ ဆံ့အိုး ၁၀ လုံး ထုတ်လုပ်နိုင်ကြောင်းနှင့် တစ်ရက်လျှင် လီတာ ၄၀ ဆံ့အိုး ၉၀၀ လုံး ထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။ထို့ပြင် အောက်ဆီဂျင် ထုတ်လုပ် သည့်စက်ရုံ (Liquid Oxygen Plant) (နေပြည်တော်)မှ ထွက်ရှိသည့် အောက်ဆီဂျင် အိုးများကို နေပြည်တော်ရှိ ပြည်သူ့ဆေးရုံများနှင့် တပ်မတော်ဆေးရုံများသို့ အဓိက ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး ပိုလျှံပါက တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံ များသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။