ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေသူများကို စကောလောက်ပင် ဇောက်မနက်သည့် အကြံပက်စက်သူ များက အကြောင်းမဲ့ လက်ပစ်ဗုံးဖောက်ခွဲ၍ အကြမ်းဖက်မှုလုပ်ဆောင် နေပြည်တော်၊ ဩဂုတ်- ၁

Sunday, August 1, 2021 - 18:00

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေသူများကို စကောလောက်ပင် ဇောက်မနက်သည့် အကြံပက်စက်သူ များက အကြောင်းမဲ့ လက်ပစ်ဗုံးဖောက်ခွဲ၍ အကြမ်းဖက်မှုလုပ်ဆောင်
နေပြည်တော်၊ ဩဂုတ်- ၁
    နိုင်ငံတော်မှ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအား ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ရေးလုပ်ငန်းများတွင် အရေးအကြီးဆုံးဖြစ်သည့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအား နိုင်ငံအဝှမ်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုကဲ့သို့ ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရေး ဆောင်ရွက်ပေးနေမှုအပေါ် အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH နှင့် ၎င်းတို့ကို ထောက်ခံသည့် အစွန်းရောက်များက စကောလောက်ပင်ဇောက်မနက်သည့်အကြံအစည်ဖြင့် ပြည်သူ လူထုကို ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အကြမ်းဖက်သူတစ်ဦးက လက်ပစ်ဗုံး ၂ လုံးဖြင့် လာရောက် ပစ်ခတ် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကာကွယ်ဆေးထိုးနှံနေသူများအနက် ဦးဉာဏ်လှိုင်(ဘ)ဦးမြဒင်၊ ဦးနန်းဝင်း(ဘ)ဦးသိန်းဆွေတို့တွင် ဗုံးစထိမှန်(မစိုးရိမ်ရ) ဒဏ်ရာများနှင့် ဦးသိန်းလွင်(ဘ)ဦးချစ်ဆွေတွင် ဗုံးစထိမှန်(စိုးရိမ်ရ)ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်ပေးနေသူ ဒေါ်သီရိသော်သော်(ဘ)ဦးနန်းဝင်း၌လည်း (စိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးကုသမှုများပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ပြည်သူလူထုကို ပစ်မှတ်ထား၍ အကြမ်းဖက်ဗုံးဖောက်ခွဲသူအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်း ရှာဖွေဖော်ထုတ်လျက် ရှိကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း မသင်္ကာဖွယ် အကြမ်းဖက်သမား၏ သတင်းရရှိပါက အချိန်နှင့်တပြေးညီ သက်ဆိုင်ရာသို့ သတင်းပေးပို့ကူညီကြပါရန် မေတ္တာရပ်ခံနှိုးဆော်ထားကြောင်း သတင်းရရှိိသည်။