ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်များအား တနင်္သာရီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် သို့ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်
ရန်ကုန် ဇူလှိုင် ၂၉
လက်ရှိချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျှက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော် ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျှက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး ဆေးသိုလှောင်အအေးခန်းတွင် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinoparm များနှင့် ဆေးထိုးအပ်များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်သို့ ပို့ဆောင်ပေးသည်။
ထိုသို့ပို့ဆောင်ပေးရာတွင် တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့သို့ ကိုဗစ်ကာကွယ်ဆေး ပုံးအကြီး ၁ ပုံး၊ ဆေးလုံးအရေအတွက် ၈၈၀၀ လုံး၊ ဆေးထိုးအပ် ၆ ဖာ၊ အပ်အရေအတွက် ၁၇၆၀၀ ခု၊ မြိတ်မြို့သို့ ကိုဗစ်ကာကွယ်ဆေး ပုံးအကြီး ၁ ပုံး၊ ဆေးလုံးအရေအတွက် ၈၈၀၀ လုံး၊ ဆေးထိုးအပ် ၆ ဖာ၊ အပ်အရေအတွက် ၁၇၆၀၀ ခု၊ ကော့သောင်းမြို့သို့ ကိုဗစ်ကာကွယ်ဆေး ဖော့ပုံး ၉ ပုံး၊ အလုံးအရေအတွက် ၃၅၀၀ လုံး၊ ဆေးထိုးအပ် ၃ ဖာ၊ အပ်အရေအတွက် ၇၀၀၀ ခုနှင့် ရှမ်းပြည်နယ်အတွင်းရှိ ဟဲဟိုးမြို့သို့ ကိုဗစ်ကာကွယ်ဆေး ပုံးအကြီး ၃ ပုံး၊ ဆေးလုံးအရေအတွက် ၂၆၄၀၀ လုံး၊ ဆေးထိုးအပ် ၁၇ ဖာ၊ အပ်အရေအတွက် ၅၂၈၀၀ ခု၊ ကျိုင်းတုံမြို့သို့ ကိုဗစ်ကာကွယ် ဆေး ပုံးအကြီး ၁ ပုံး၊ ဆေးလုံးအရေအတွက် ၈၈၀၀ လုံး၊ ဆေးထိုးအပ် ၆ ဖာ၊ အပ်အရေအတွက် ၁၇၆၀၀ ခု၊ လားရှိုးမြို့သို့ ကိုဗစ်ကာကွယ်ဆေး ပုံးအကြီး ၁ ပုံး၊ ဆေးလုံးအရေအတွက် ၈၈၀၀ လုံး၊ ဆေးထိုးအပ် ၆ ဖာ၊ အပ်အရေအတွက် ၁၇၆၀၀ ခု တို့အား ပို့ဆောင်ပေးခဲ့ရာ သက်ဆိုင်ရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။