တနင်္သာရီမြို့ရှိ ရေဘေးသင့်ပြည်သူများအားအတွက် စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆေးပစ္စည်းများပေးအပ်လှူဒါန်း

Thursday, July 29, 2021 - 17:30

တနင်္သာရီမြို့ရှိ ရေဘေးသင့်ပြည်သူများအားအတွက် စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆေးပစ္စည်းများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၉

          တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီ မြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ မြင့်တက်လာသဖြင့် တနင်္သာရီမြို့၊ အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေဝင်ရောက်မှုများကြောင့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၄၆ စု အား ရေဘေးလွတ်ရာ ယာယီကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိသည့် တနင်္သာရီမြို့၊ သဘာဝဘိုးဘွားရိပ်သာကျောင်းသို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်သားများက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကူညီပြောင်းရွှေ့ နေရာချထားပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါ ရေဘေးသင့်ပြည်သူများအား ယနေ့နေ့လယ်ပိုင်းတွင် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးစကားပြောကြား၍ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးဆေးပစ္စည်းများပေးအပ်လှူဒါန်းပြီး ယာယီကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိသည့် သဘာဝဘိုးဘွားရိပ်သာကျောင်း ဆရာတော် ဘဒ္ဒန္တ သုန္ဒရအား ဖူးမြော်ကာ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကြသည်။

          ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် တနင်္သာရီမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာန ရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအား သွားရောက်တွေ့ဆုံကာ ရေဘေးကူညီ ကယ်ဆယ်ရေးဆောင်ရွက်မည့်တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။ ၎င်းနောက် ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် တပ်ဖွဲ့ ဝင်များကို တွေ့ဆုံအားပေးစကားပြောကြားပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ဆေးပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများပေးအပ်ကာ တနင်္သာရီမြို့အတွင်း ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် နေရာများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်း ရရှိသည်။