မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ဇူလိုင် - ၂၈

Wednesday, July 28, 2021 - 18:15

မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၈

         မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၅ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းလာမှုကြောင့် မြို့နယ်အချို့တွင် ရေကျော် ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး အများပြည်သူ အသုံးပြုသော ကားလမ်းများနှင့် ကျေးရွာအဝင်များတွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာများက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက်ရှိသည်။

         ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် ကန်သာရာရပ်ကွက်မှ အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ၇၆ ဦးကို အဆိုပါရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း သို့လည်းကောင်း၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအတွင်းရှိ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့မှ အိမ်ထောင်စု ၈ စု၊ လူဦးရေ ၃၂ ဦးတို့အား ကျေးရွာဓမ္မာရုံနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ(ဒူးရင်းဆိပ်)သို့ လည်းကောင်း ပြောင်းရွှေ့နေရာချ ထားပေးခဲ့သည်။

ထို့အပြင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေး စခန်းများနှင့် ရေကျော်ဝင်ရောက်သည့်ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူ များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ဇူလိုင် ၂၇နှင့် ယနေ့တို့တွင် အဆိုပါ နေရာများသို့ အသီးသီးသို့သွားရောက်၍ ဆန်၊ ဆီ၊ ထမင်းဘူးနှင့် စားသောက် ဖွယ်ရာ များပေးအပ်လှူဒါန်းကြသည်။

         ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ မြင့်တက်လာသဖြင့် တနင်္သာရီမြို့၊ အနိမ့်ပိုင်း ရပ်ကွက်ဖြစ်သည့် ချောင်းငယ်ရပ်ကွက်အတွင်းသို့ ရေဝင်ရောက်မှုကြောင့် အဆိုပါ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၁၂ စု အား ရေဘေးလွတ်ရာ ယာယီကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိသည့် တနင်္သာရီမြို့၊ သဘာဝဘိုးဘွားရိပ်သာကျောင်းသို့ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်၊ တနင်္သာရီတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ယနေ့တွင် ပြောင်းရွှေ့နေရာချထားပေးပြီး ဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။