နေပြည်တော်၊ ဇူလိုင်- ၂၇
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်မြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့ရှိ ကိုဗစ်-၁၉ ကုသရေး စင်တာ များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပြင်ဆင် ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများသွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးလှစိုး၊ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများသည်၊ လှိုင်ကိုဗစ်-၁၉ ကုသရေး စင်တာအား အမွှေးနံ့သာ များဖြန့်ပက်၍ ဖွင့်လှစ်ပေးပြီး၊ ထကျကမ်ဘာကျော်ကုမ္ပဏီမှ လှူဒါန်းထားသော အောက်ဆီဂျင်ထုတ်လုပ်သည့် စက်သစ် တပ်ဆင်ထားမှုအခြေအနေ ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ကုသရေးစင်တာအတွင်း ကိုဗစ်-၁၉ ပိုးတွေ့ လူနာများအား နေရာချထားပေးမည့် အိပ်ဆောင်များတွင် အောက်ဆီဂျင် ပိုက်လိုင်းများ တပ်ဆင်ဆောင်ရွက်ထားသည့် လုပ်ငန်း များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ Lambo Disinfecting Services co.Ltd မှ ဒေါ်တွယ်တာနိုင်(MD)က၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာနများတွင် အသုံးပြုနိုင်ရန် Covid-19 ရောဂါပိုးသတ်ဆေးရည်နှင့် ဆေးပုံးများကိုလှူဒါန်းရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးလှစိုး၊ တိုင်မှူးဗိုလ်ချုပ် ညွှန့်ဝင်းဆွေနှင့် တာဝန်ရှိသူများကလက်ခံရယူခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နှင့် တာဝန်ရှိသူများ သည် ရန်ကင်းပညာရေးဒီဂရီကောလိပ်ဝန်းအတွင်းရှိ ရန်ကင်းကုသရေးစင်တာအတွင်း ကိုဗစ်-၁၉ ပိုးတွေ့ လူနာများအား ကုသရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အိပ်ဆောင်(၁)ဆောင်နှင့် စာသင် ဆောင်(၁) ဆောင်တို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း(၆၀၀) ဦးခန့် စောင့်ရှောက် ကုသနိုင်ရေး အိပ်ယာကုတင်ပြင်ဆင်မှုများ၊ ထရန်စပွန်မာတပ်ဆင်မှုနှင့် ယာယီဓါတ်လှေကား တပ်ဆင်ရန် ဖောင်ဒေးရှင်း လုပ်ငန်းများဆောင်ရွက်နေမှုများကို စစ်ဆေးကြည့်ရှုသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ တိုင်းမှူးနှင့် မြို့တော်ဝန် တို့သည် ရေဝေးသုဿန်၌ အသစ်တည်ဆောက်နေသည့် (၅)ပေါက်တွဲ (၂)တွဲပါ မီးဖို (၅)လုံး တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှူး ဦးချိုထွန်းအောင်က အဆိုပါအဆောက်အဦများ အမြန်ပြီးစီးအောင် ဆောက်လုပ်နေမှုအခြေအနေ များကို လည်းကောင်း ပြီးစီးသွားပါက သေဆုံးသူ(၅၀)ကို တစ်နာရီအတွင်း ပြီးစီးအောင်တစ်ပြိုင်တည်း မီးသင်္ဂြိုဟ်နိုင်မည် ဖြစ်ကြောင်း တစ်ရက်လျင် သေဆုံးသူ(၁၀၀၀)ဦးကျော် သင်္ဂြိုဟ်နိုင်မည် ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့် တာဝန် ရှိသူများသည် သုဿန်အရှေ့ဖက်နှင့် အနောက်ဖက်များသို့ လိုက်လံကြည့်ရှုပြီး မီးသင်္ဂြိုဟ်မည့်သူများ စုပုံနေမှု ရှိ/မရှိကို စစ်ဆေးခဲ့ ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော သုဿန်များတွင် အလားတူ မီးဖို (၁၀)လုံးကို တပြိုင်တည်း တည်ဆောက် လျက်ရှိသောကြောင့် တစ်နေ့လျင်သေဆုံးသူ (၃၀၀၀)ဦးကျော် သင်္ဂြိုဟ်နိုင် မည်ဖြစ်ကြောင်းသိရှိရသည်။