ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ အလှူငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် ဇူလိုင် ၂၇
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှု မြှင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူ များ ကို ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ် စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်း များ၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းများ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအတွက် တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများ၏အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် ကာကွယ်ရေးဦးစီးရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက် ရောက်ကြသည်။
ဦးစွာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက လှူဒါန်းရသည့် အကြောင်းရင်းအား ရှင်းလင်းပြောကြားပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ လှူဒါန်းငွေ ၂.၂၁၈ ဘီလီယံ(၂၂၁၈၁၄၁၃၀၀)ကျပ်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းထံ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အဖက်ဖက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ဒုတိယလှိုင်းဖြစ်ပွားသည့်ကာလတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းငွေ ၄ ဒဿမ ၇၀၄ ဘီလီယံအား ပေးအပ်လှူဒါန်း၍ အဆိုပါလှူဒါန်းငွေများဖြင့် အရပ်ဘက် ပြည်သူ့ဆေးရုံ ၁၁၆၈ ရုံနှင့် ကျေးလက်ကျန်းမာရေးဌာန ၁၀၇၀ ဌာနများကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူ၍ သက်ဆိုင်ရာဆေးရုံများသို့ အရောက်ပို့ဆောင် လှူဒါန်းခဲ့ကြောင်း သိရသည်။