အာဆီယံ၏ (၂၁)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို Video Conferencing ဖြင့် ကျင်းပ

Tuesday, July 27, 2021 - 14:00

 

(နေပြည်တော်၊ ဇူလိုင် ၂၇)

               အာဆီယံ၏ နိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း (APSC) မဏ္ဍိုင်မှ (၂၁)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (21st ASEAN Senior Officials Meeting on Transnational Crime - 21st SOMTC) ကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပ ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံ ၁၀ နိုင်ငံမှ အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဆင့်များ ဦးဆောင်သည့် SOMTC ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယထွေထွေ အတွင်းရေးမှူးချုပ်နှင့်အဖွဲ့တို့ တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ SOMTC ခေါင်းဆောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် အောင်အောင် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်၊ Horizon Lake View Hotel ၊ Inn Gyin Villa ရှိ အစည်းအဝေးခန်းမတွင် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

               အဆိုပါ 21st SOMTC စုံညီအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်၊ ဘရူနိုင်းနိုင်ငံ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် စတင်ကျင်းပရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံး၊ အမြဲတမ်း အတွင်းဝန် H.E. Haji Sufian bin Haji Sabtu က သဘာပတိအဖြစ် ဆောင်ရွက်၍ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံ (၁၀)နိုင်ငံမှ SOMTC ခေါင်းဆောင် များက နိုင်ငံ ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးနှင့်ပတ်သက်၍ နိုင်ငံအလိုက်ဆောင်ရွက်နေမှုများ၊ ဒေသ အဆင့်၊ နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို အမြင်ချင်းဖလှယ် ဆွေးနွေး ကြပါသည်။

               ထို့နောက် လက်နက်မှောင်ခို သယ်ဆောင်ရောင်းဝယ်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေး၊ တောရိုင်းတိရစ္ဆာန်နှင့်သစ်များ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုများတိုက်ဖျက်ရေးတို့နှင့်စပ်လျဉ်း၍ ၂၀၂၀ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့်ရလဒ်များနှင့် အစီရင်ခံစာများကို ဘာသာရပ်ဆိုင်ရာ ဦးဆောင်နိုင်ငံများအလိုက် ရှင်းလင်းဆွေးနွေးကြပါသည်။

               ဆက်လက်၍ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု၊ လူမှောင်ခိုမှု၊ ငွေကြေးခဝါချမှု၊ ပင်လယ် ရေကြောင်းဓားပြမှုများ၊ လူကုန်ကူးမှုများ၊ နိုင်ငံတကာစီးပွားရေးမှုခင်းနှင့် ဆိုက်ဘာမှုခင်းများ၊ တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်မှုနှင့် တရားမဝင်သစ်နှင့်တောရိုင်းတိရစ္ဆာန် ခိုးထုတ်သယ်ယူမှု များနှင့်ပတ်သက်၍ ၂၀၁၆-၂၀၂၅ အာဆီယံနိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး လုပ်ငန်းစီမံချက် မူဘောင်မှ ၂၀၁၉-၂၀၂၁ SOMTC ၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုတို့ကို အသေးစိတ်ပြန်လည်သုံးသပ်ဆွေးနွေးကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုအခြေအနေများ၊ အာဆီယံအပါအဝင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

               ထို့နောက် ၂၀၁၆-၂၀၂၅ အာဆီယံ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးမူဘောင်၏ SOMTC လုပ်ငန်းအစီအမံ ၂၀၂၂-၂၀၂၄ အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားမှုကို ဘရူနိုင်းနိုင်ငံက ဦးဆောင်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော SOMTC နှင့် ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့နှင့် ညှိနှိုင်းဆွေးနွေးမည့် အစည်းအဝေးအစီအစဉ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို သက်ဆိုင်ရာနိုင်ငံများက ရှင်းလင်းဆွေးနွေးတင်ပြ ကြပါသည်။ အဆိုပါဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် ဆက်စပ်အစည်းအဝေး များကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် အာဆီယံ ၁၀ နိုင်ငံမှ SOMTC ခေါင်းဆောင်ကိုယ်စားလှယ်များနှင့် ဆက်လက်ကျင်းပပြုလုပ်သွားရန် သဘောတူညီခဲ့ကြပြီး စုံညီ အစည်းအဝေးကို ဘရူနိုင်းနိုင်ငံ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။