ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အောက်ဆီဂျင်လုံလောက်မှုရှိစေရန် အတွက် Oxygen Plant အသစ် စတင်လည်ပတ်၊ ထုတ်လုပ်ဖြန့်ချိ

Monday, July 26, 2021 - 17:30

 

နေပြည်တော်၊ ဇူလိုင်- ၂၆

         ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ကိုဗစ်- ၁၉ လူနာများ အသုံးပြုရန် အတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ၌ အသစ်တပ်ဆင် လျက်ရှိသော Oxygen Plant စတင်လည်ပတ်ထုတ်လုပ်နေမှု၊ အခမဲ့ဖြန့်ချိပေးနေမှု များကို ဇူလိုင် ၂၅ ရက် ယနေ့တို့တွင် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် လားရှိုးမြို့ရှိ ပရဟိတ အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုကြသည်။

         ထို့နောက် တိုင်းမှူးနှင့် စေတနာရှင်အလှူရှင်များက Oxygen Plant တွင်တာဝန် ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ကိုဗစ်- ၁၉ ရောဂါ လူနာများအား ကူညီ ပေးနေသည့် လားရှိုးပရဟိတ ကွန်ရက်အသင်း၊ ကိုဗစ်- ၁၉ Operation Team နှင့် Freedom Volunteer Group တို့အား ဂုဏ်ပြုငွေများ၊ PPE ဝတ်စုံ ၁၅၀ စုံ၊ Mask ၁၀၀၀၀ ခု၊ ရေမလိုလက်သန့်ဆေးရည် ၂၄ ဘူး၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန် ပစ္စည်းများကို ဂုဏ်ပြုပေးအပ်သည်။

         အဆိုပါ Oxygen Plant မှာငွေကျပ် သိန်း ၃၅၀၀ တန်ဖိုးရှိပြီး တစ်နေ့လျှင် Oxygen  ၄၀ လီတာအိုး ၂၀၀ လုံးထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ထုတ်လုပ် ရရှိသော  Oxygen  များကို လားရှိုးပြည်သူ့ဆေးရုံ၊ ကိုဗစ်- ၁၉ ကုသရေး စင်တာ (လားရှိုး)နှင့် ဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။