နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အချုပ်ထောင်အား သွားရောက်ကြည့်ရှု့စစ်ဆေး
နေပြည်တော်၊ ဇူလိုင် ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့မနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အချုပ်ထောင်အား သွားရောက်ကြည့်ရှု့အသေးစိတ်စစ်ဆေးခဲ့ပါသည်။
ထိုသို့ သွားရောက်ကြည့်ရှု့စစ်ဆေးရာတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အချုပ်ထောင် ထောင်အဝင်ဝရှိ ကျန်းမာရေးစစ်ဆေးနေမှုများနှင့် အချုပ်ထောင်ရှိ အကျဉ်းသူ၊ အကျဉ်းသားများ၏ နေ့စဉ်နံနက်ခင်းဆောင်ရွက်လျက်ရှိသည့် ကိုယ်လက်ကြံ့ခိုင်ရေးပြုလုပ်နေမှုကို ကြည့်ရှု့စစ်ဆေးကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစီအစဉ်ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့် လျက်ရှိသည့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများနှင့်အညီ လိုက်နာလေ့ကျင့်နိုင်ရေး မှာကြားခဲ့ ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် အချုပ်ထောင်စားဖိုဆောင်တွင် ထမင်း၊ ဟင်း ချက်ပြုတ်နေမှု အခြေအနေများ၊ အမျိုးသားအဆောင်(၁၊ ၂၊ ၃)နှင့် အမျိုးသမီးအဆောင်ကို စစ်ဆေးပြီး နေ့စဉ်ထုတ် မြဝတီ၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများကို အဆောင်အလိုက်ထားရှိပေးရေးနှင့် အဆောင်တိုင်းတွင် ရုပ်မြင်သံကြားစက်များ အသစ်ထပ်မံတပ်ဆင်ပေးရေးတို့အား မှာကြားခဲ့ပါသည်။
ဆက်လက်၍ အချုပ်ထောင်ရှိ ဆေးခန်းအား စစ်ဆေးပြီး လိုအပ်သည့်ဆေးဝါးများကို ထပ်မံ တင်ပြတောင်းခံရေး၊ ကိုယ်ခံအားကောင်းမွန်စေသည့်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ ယားနာ လိမ်းဆေးများ ထပ်မံဝယ်ယူဖြည့်တင်းပေးရေး၊ အချုပ်ထောင်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိ သည်ကို သိရှိရသဖြင့် အခြေအနေအား ဆက်လက်ထိန်းသိမ်းထားနိုင်ရေးတို့နှင့်ပတ်သက်၍ မှာကြား ခဲ့ပါသည်။
၎င်းနောက် အချုပ်ထောင်ရှိ စည်းကမ်းထိန်းသိမ်းရေးရုံးခန်းအတွင်း အချုပ်သား ၆ ဦးနှင့် အပြစ်ကျတရားခံ ၂ ဦးတို့အား တွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူထားစဉ် ကာလအတွင်း အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့် ခွင့်ပြုပေးခြင်း ၂ ကြိမ်ရှိပြီဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်(၁၄၇/၂၀၂၁)ဖြင့် (ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်း) ကို စိစစ်ဆောင်ရွက်ခဲ့ပြီး အကျုံးဝင်သူများကို ဇူလိုင်လ ၂၂၊ ၂၃ ရက်နေ့များတွင် ပြန်လည်စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များအား သိရှိလိုက်နာ ကြရန် လိုအပ်ကြောင်း၊ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ကာကွယ်ဆေးများအား မြန်မာတစ်နိုင်ငံ လုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်များရှိ အကျဉ်းသူ၊ အကျဉ်းသားများနှင့် အချုပ်သူ၊ အချုပ်သား များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ ညွှန်ကြားစီမံမှုဖြင့် ကာကွယ်ဆေးအမြန်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ထုတ်လွှင့်နေသည့် သတင်းများကို ကြည့်ရှု့ခြင်းအားဖြင့် သတင်းအမှန်များ သိရှိနိုင်မှာဖြစ်ကြောင်းနှင့် တွေ့ကြုံရသည့်အခက်အခဲများကို ပွင့်လင်းစွာ မေးမြန်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် အချုပ်ထောင်ရှိ ဝန်ထမ်း၊ မိသားစုများအား တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာညွှန်ကြားချက်များနှင့်အညီ တိတိကျကျ၊ တင်းတင်းကြပ်ကြပ် လိုက်နာကြရန်နှင့် ဝန်ကြီးဌာနမိသားစုများ စည်းလုံးညီညွတ်ပျော်ရွှင်စွာ နေထိုင်ကြရေး၊ လုံခြုံရေး ဂရုပြုကြရေးတို့အား မှာကြားပြီး အာလူး၊ ကြက်သွန်၊ ကြက်ဥ၊ ဆီနှင့် ခေါက်ဆွဲခြောက်များကို မိသားစုများသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ အကျဉ်းဦးစီးဌာန၊ နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်အချုပ်ထောင် ၏မြေလွတ်နေရာများတွင် နေပြည်တော်ပတ်ဝန်းကျင်ရှိ အကျဉ်းထောင်၊ အချုပ်ထောင်များသို့ ရိက္ခာ တင်ပို့နိုင်ရေးအတွက် အသားတိုးနွားနှင့် ဥစားကြက်မွေးမြူရေး၊ မြေနေရာ ဖော်ထုတ်ထားရှိမှုနှင့် တစ်ရှူးငှက်ပျော ၂၀၀၀ ပင်စိုက်ပျိုးထားရှိမှုများအား လိုက်လံစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးအနေဖြင့် အချုပ်သား၊ အကျဉ်းသား၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူ များအား တွေ့ဆုံခဲ့ရာတွင် အကျဉ်းထောင်၊ အချုပ်ထောင်များတွင် ကိုဗစ်-၁၉ ပြန့်ပွားမှုများ များပြား နေခြင်း၊ အလောင်းများအား ညအချိန်တွင် ဖျောက်ဖျက်နေကြောင်းအပါအဝင် ကောလဟာလ သတင်း များနှင့်ပတ်သက်၍ အကျဉ်းထောင်၊ အချုပ်ထောင်များအလိုက် ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ် ရေးနှင့် ကုသရေးတို့ ဆောင်ရွက်နေမှုအခြေအနေများအား ပြည်သူလူထုနှင့် အကျဉ်းသူ၊ အကျဉ်းသား၊ အချုပ်သူ၊ အချုပ်သားများသိရှိစေရေး သတင်းမှန်ပြန်ကြားရေးများကို စနစ်တကျဆောင်ရွက်ပေးရန်နှင့် လက်ရှိဆောင်ရွက်နေသည့် ကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ညွှန်ကြားထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရေး တို့အား အသေးစိတ်မှာကြားခဲ့ပါသည်။
ကိုဗစ်-၁၉ တတိယလှိုင်းကာလ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်များတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အကျဉ်းသား၊ အချုပ်သား ၅၆၆ ဦးရှိခဲ့ပြီး ကုသပျောက်ကင်းသူ ၂၃၄ ဦး၊ လက်ရှိအကျဉ်းထောင်များရှိ သီးသန့်ဆေးရုံများတွင် ကုသနေသူ ၃၁၄ ဦးနှင့် သေဆုံးသူ ၉ ဦးရှိကြောင်း သိရှိရပြီး သေဆုံးသူ ၉ ဦးမှာလည်း မူလရောဂါအခံရှိသူများဖြစ်ကြောင်းနှင့် ကုသဆဲလူနာများ တွင်လည်း သာမန်ကူးစက်မှုအဆင့်သာရှိပြီး စိုးရိမ်ရသည့်လူနာများမရှိကြောင်း သတင်းရရှိပါသည်။