ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံဝန်ကြီးချုပ် နှင့်တွေ့ဆုံဆွေးနွေး
နေပြည်တော် နိုဝင်ဘာ ၂၈
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆလုံဆေး ကိုမာဆစ်နှင့်တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ လာအိုအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-လာအိုနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံ၊ မိတ်ဆွေနိုင်ငံ၊ ညီအစ်ကိုနိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနိုင်ငံနှင့် နီးကပ်သောယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံများဖြစ်မှုအခြေအနေများ၊ နှစ်နိုင်ငံသည် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (CLMV) ၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့(GMS)၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာအဖွဲ့(ACMECS) တို့တွင်လည်း အဖွဲ့ဝင်နိုင်ငံများဖြစ်မှုအခြေအနေများနှင့် နှစ်နိုင်ငံရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်၍ ပြည်သူများက ယုံကြည်စွာဖြင့် ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးဆောင်ရွက်လျက်ရှိမှုအပေါ် လာအိုနိုင်ငံအနေဖြင့် ခိုင်မာစွာယုံကြည်၍ နိုင်ငံတကာနှင့် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်နှင့်အညီ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏အရေးကို မြန်မာပြည်သူများကသာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံ၏ပြည်တွင်းရေးကို အခြားနိုင်ငံများက ဝင်ရောက်စွက်ဖက်ခြင်းသည် ပြည်သူများ၏ အခွင့်အရေးကို ထိခိုက်စေသည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် လာအိုနိုင်ငံဝန်ကြီးချုပ်တို့သည်တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

