ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်နှင့် တွေ့ဆုံဆွေးနွေး နေပြည်တော် နိုဝင်ဘာ  ၂၈

Saturday, November 28, 2026 - 17:00

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်နှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော် နိုဝင်ဘာ  ၂၈

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့်(၁၁)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(ACMECS) ထိပ်သီးအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ  ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ကမ္ဘောဒီးယားအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍနှင့်စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရနှင့် ကမ္ဘောဒီးယားနိုင်ငံအစိုးရတို့အနေဖြင့်လည်း အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများပပျောက်စေရေးအတွက် ထိထိရောက်ရောက် ရှင်းလင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများပပျောက်ရေးဆောင်ရွက်ရာတွင်  နှစ်နိုင်ငံအကြား အပြန်အလှန်သတင်းဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်သဖြင့်  အာဆီယံ၏ပဋိညာဉ်အတိုင်း  အဖွဲ့ဝင်နိုင်ငံများအပေါ် ဆက်လက်ဆက်ဆံဆောင်ရွက်သွားမည့် အခြေအနေများ၊  အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာကြရန်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် တည်ဆဲဥပဒေများကိုလည်း လေးစားကြရန်လိုအပ်မှုအခြေ အနေများ၊  မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အနေဖြင့် အာဆီယံနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ရပ်တည်ထောက်ခံပေးလျက်ရှိမှု အခြေ အနေများ၊  မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့်  ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား  အဆင့်မြင့်အရာရှိကြီးများ အပြန်အလှန်စေလွှတ်ရေးနှင့် ပြည်သူအချင်းချင်း  ဆက်သွယ်ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍  ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်  ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်တို့သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများအား  ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။