ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၁၁)ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(ACMECS) ထိပ်သီးအစည်းအဝေး အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက် နေပြည်တော်  နိုဝင်ဘာ ၂၈

Saturday, November 28, 2026 - 17:00

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၁၁)ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(ACMECS) ထိပ်သီးအစည်းအဝေး အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ ၂၈

 

(၁၁)ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS)ထိပ်သီးအစည်းအဝေးကို ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ National Convention Center ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အလှည့်ကျဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သည်။

အဆိုပါအစည်းအဝေးသို့ (၁၁)ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(ACMECS) အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့်  ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ACMECS အဖွဲ့ဝင်နိုင်ငံများမှ အစိုးရအကြီးအကဲများဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက် ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆလုံဆေး ကိုမာဆစ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်မစ္စတာ အနုထင် ချာဝီရကွန်၊  ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် ACMECS အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ကြသည်။ဦးစွာ ACMECS အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်နိုင်ငံများမှခေါင်းဆောင်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် (၁၁)ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(ACMECS)ထိပ်သီးအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ACMECS အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယနေ့တွေ့ဆုံဆွေးနွေးမှုသည် ACMECS ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်မှတစ်ဆင့် မိမိတို့အနေဖြင့်အတူတကွကြိုးပမ်းရရှိခဲ့သည့် အောင် မြင်မှုရလဒ်များကို ပြန်လည်သုံးသပ်ရေး၊  မိမိတို့ဒေသခွဲအတွက် မဟာဗျူဟာကျသည့် ဦးစားပေးအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးနှင့်ခိုင်မာအားကောင်း၍ ခေတ်မီပြီးရေရှည်တည်တံ့သည့် ACMECS အသိုက်အဝန်းတစ်ခုတည်ဆောက်ရေးကို ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်သဖြင့်အရေးကြီးသည့် တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်း။

ယနေ့ မိမိတို့တွေ့ဆုံကြသည့်အချိန်သည် ကမ္ဘာတစ်ဝန်း စိန်ခေါ်မှုများရှုပ်ထွေးများပြားလျက်ရှိပြီး ထောက်ပံ့ရေးကွင်းဆက်များ ထိခိုက်လွယ်သည့်အနေအထားဖြစ်သည့်အပြင် နည်းပညာများ တရှိန်ထိုးတိုးတက်ပြောင်းလဲနေသည့် အချိန်ကာလတစ်ခုလည်းဖြစ်ကြောင်း၊ ထိုသို့လက်တွေ့ရင်ဆိုင်နေရသည့်အခြေအနေသည် မိမိတို့ဒေသအတွင်းပိုမိုခိုင်မာအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုနှင့်ကြံ့ကြံ့ခံနိုင်မှုကို ပြသကြရန်သတိပေးနေခြင်းဖြစ်ကြောင်း။ 

ယခုကဲ့သို့အရေးကြီးသည့် လိုအပ်ချက်ကိုရှေးရှုပြီး မြန်မာနိုင်ငံ၏ ACMECS အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရာတွင် “လူမှုစီးပွားဖွံ့ဖြိုးရေးကိုတိုးမြှင့် ဖော် ဆောင်ကာ ခေတ်မီ၍စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော အက်ခ်မက်ဒေသတည် ဆောက်စို့”ဆိုသည့် ခေါင်းစဉ်ဖြင့် ဦးဆောင်လမ်းညွှန်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏အလှည့်ကျဥက္ကဋ္ဌဆောင်ပုဒ်ခေါင်းစဉ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူမှုစီးပွားသာယာဝပြောရေး၊ သဘာဝပတ်ဝန်း ကျင် ရေရှည်တည်တံ့ရေးနှင့်နည်းပညာ မြင့်မားရေးတို့ကို ဒွန်တွဲဖော်ဆောင်သွားရန်ဆိုသည့် မိမိတို့၏ဘုံမျှော်မှန်းချက်ကို ထင်ဟပ်ဖော်ပြခြင်းဖြစ်ကြောင်း။

မိမိတို့၏ မျှော်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်ဆိုပါက အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အရင်းအမြစ်ရှာဖွေ စုဆောင်းခြင်းနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းများမှတစ်ဆင့် ACMECS ၏ အဓိကကျသည့်ယန္တရားများကို ထိထိရောက်ရောက် လည်ပတ်နိုင်စေရန် အရှိန် အဟုန်မြှင့်ပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုတာကာလအတွင်း ACMECS သည် ရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုနှင့်ဒီဂျစ်တယ်နည်းပညာချိတ်ဆက်မှုကို မြှင့်တင်ပေးခြင်း၊ စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေခြင်း၊ ဒေသခွဲအတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုကိုဖော်ဆောင်ခြင်းတို့ဖြင့် ဒေသခွဲတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်မောင်းနှင်အား တစ်ခုအဖြစ် သက်သေထူနိုင်ခဲ့သည်ကိုလည်း တွေ့ရ မည်ဖြစ်ကြောင်း။

ထို့အပြင် ACMECS သည် ဒေသခွဲဆိုင်ရာအခင်းအကျင်း၏ ဗဟိုချက်မအဖြစ် ရပ်တည်လျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းအင်အားကို ဖော်ဆောင်ပေးသည့် အပြင် ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာမူဘောင်အတွင်း၊ အထူးသဖြင့် ပြင်ပမိတ်ဖက် နိုင်ငံများနှင့်ထိတွေ့ဆက်ဆံရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ ဘုံရပ်တည်ချက်နှင့် ညီညွတ်သည့်အသံကို ဖော်ဆောင်ပေးနိုင်သည့် တစ်ခုတည်းသော ဒေသခွဲဆိုင်ရာယန္တရားတစ်ခုဖြစ်သည်ကို မိမိတို့အနေဖြင့် မီးမောင်းထိုးပြလိုကြောင်း၊ ထို့အပြင် ACMECS သည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအပြင် အဆိုပါဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့်အာဆီယံဒေသတွင်း ပေါင်းစည်းရေးတို့အကြား ချိတ်ဆက်မှုကိုလည်း ပိုမိုခိုင်မာစေပြီး အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်းစဉ်အပါအဝင် ပိုမိုကျယ်ပြန့်သည့် ဒေသဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများတွင် အရေးပါသည့် အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့်စဉ်ဆက်မပြတ်တည်ရှိမှုတို့အတွက် အဖွဲ့ဝင်နိုင်ငံအားလုံးအပါအဝင် ရည်မှန်းချက်တူညီသည့် မိတ်ဖက်နိုင်ငံများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန် အပြည့်အဝကတိကဝတ်ပြုသန္နိဋ္ဌာန်ချမှတ်ထားရှိကြောင်း၊ မိမိတို့အားလုံး အတူတကွလက်တွဲ ဆောင်ရွက်ကြမည်ဆိုပါက ဘုံရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော် နိုင်မည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် အစည်းအဝေးသည် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ရှင်းလင်းပြတ်သားသည့် လမ်းညွှန်ချက်များချမှတ်ပေးနိုင်ရန်နှင့် ပိုမိုအားကောင်းသည့် အရှိန်အဟုန်တစ်ခုကို ဖန်တီးပေးနိုင်မည်ဟု မိမိအနေဖြင့်မျှော်လင့်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် (၁၁)ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(ACMECS) ထိပ်သီးအစည်းအဝေး ဘာသာရပ် အစီအစဉ်အား အတည်ပြုကြသည်။ 

ယင်းနောက် “လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့်ဖော် ဆောင်ကာခေတ်မီ၍ စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်သော   အက်ခ်မက်ဒေသ တည်ဆောက်စို့” ခေါင်းစဉ် ဖြင့် ACMECS ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့်အနာဂတ်ပူးပေါင်းဆောင်ရွက်မှုကို ACMECS အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအဖွဲ့အကြီးအကဲများ ဖြစ်ကြသည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့က မိန့်ခွန်းများ အလှည့်ကျပြောကြားကြသည်။

ထို့နောက် အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် က မိန့်ခွန်းပြောကြားရာတွင် ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ထိုင်းနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၊ ပုဂံမြို့တွင်တွေ့ဆုံပြီး ပုဂံကြေညာစာတမ်းကိုထုတ်ပြန်ကြေညာပြီး ACMECS ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကိုစတင်ခဲ့ကြောင်း၊ များမကြာမီတွင် ဗီယက်နမ်နိုင်ငံသည်အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ACMECS ကို ပူးပေါင်းပါဝင် အားဖြည့်ခဲ့ကြောင်း။

ACMECS စတင်ဖွဲ့စည်းခဲ့ပြီးနောက် ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုတာ ကျော်လွန်သည့် ကာလအတွင်း မိမိတို့၏ဒေသတွင် ကြီးမားသည့်ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ ကြောင်း၊ သို့သော်ပုဂံကြေညာစာတမ်းပါ အခြေခံစံနှုန်းများနှင့်စိတ်ဓာတ်များသည် ယနေ့တိုင်ခေတ်နှင့်လျော်ညီနေဆဲပင် ဖြစ်ကြောင်း၊ အဆိုပါဘုံမျှော်မှန်းချက်များကို လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူများအတွက် သိသာထင်ရှားသည့် အကျိုးရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်ပေးခြင်းအားဖြင့် အဆိုပါစိတ်ဓာတ်ကို ဆက်လက်လက်ဆင့်ကမ်း သယ်ဆောင်သွားရမည်ဖြစ်ကြောင်း။ 

အကြားအလပ်မရှိ ချိတ်ဆက်မှု၊ ထပ်တူကျသော ACMECS စီးပွားရေးနှင့်ခေတ်မီပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ACMECS စသည့်မဏ္ဍိုင် (၃)ရပ်အောက်တွင်ရှိသည့် ပူးပေါင်းညှိနှိုင်းရေးကော်မတီများအနေဖြင့် သက်ဆိုင်ရာအစည်း အဝေးများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း၊ စီမံကိန်းများကို အကောင်အထည်ဖော် ခြင်းအပါအဝင် တိုးတက်မှုများဖြစ်ထွန်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ချီးကျူးဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း။

ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့်ခေတ်မီပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော ACMECS ဖြစ်လာစေရေး မျှော်မှန်းချက်ကို မြှင့်တင်ရန် မြန်မာနိုင်ငံအနေဖြင့်အထူးအလေးထားလျက်ရှိကြောင်း၊ အဆိုပါမျှော်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အချက် (၃)ချက်ကို တင်ပြဆွေးနွေး လိုကြောင်း။

ပထမအချက်မှာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးဆောင်ရွက်ရန်အတွက် e-commerce platform တည် ထောင်ရန် အကြံပြုလိုကြောင်း၊ ယင်းသို့တည်ထောင်ခြင်းအားဖြင့် ဒေသတွင်းထောက်ပံ့ ပို့ဆောင်ရေးကွင်းဆက်ကို စုပေါင်းအားဖြင့် ပူးပေါင်းမြှင့်တင်ပြီး ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊  ထို့အပြင် အသိပညာဗဟုသုတမျှဝေခြင်း၊ နည်းပညာဆိုင်ရာ အကူအညီပေးခြင်း၊ စံချိန်စံညွှန်းများပေါင်းစပ်ညှိနှိုင်းခြင်းနှင့်ဈေးကွက်ဝင်ရောက်မှုရရှိခြင်းတို့ကို ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့သည် ဒေသတစ်ခုလုံး၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။

MSME လုပ်ငန်းများသည် ကမ္ဘာတစ်ဝန်းတွင်ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းခန့်နှင့် အလုပ်အကိုင်ရရှိမှု၏ ၅၀ ရာခိုင်နှုန်းကျော်ကို လွှမ်းမိုးထားကြောင်း၊ MSME လုပ်ငန်းများ၏ မဟာဗျူဟာမြောက်အရေးပါမှုကို အသိအမှတ်ပြုရင်း မြန်မာနိုင်ငံအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် “ဒေသတစ်ခု ထုတ်ကုန် တစ်ခု”(One Region, One Product - OROP)အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းအပါအဝင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် လျက်ရှိကြောင်း။

မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ “ဒေသတစ်ခု ထုတ်ကုန်တစ်ခု”(OROP)အစီအစဉ်ကို ထိုင်းနိုင်ငံ၏“ဒေသတစ်ခု ထုတ်ကုန်တစ်ခု”(OTOP) အစီအစဉ်နှင့် ဗီယက်နမ်နိုင်ငံ၏ “ကျေးရွာတစ်ခု ထုတ်ကုန်တစ်ခု” (OCOP) အစီအစဉ်အပါအဝင် ဒေသခွဲအတွင်းရှိ အခြားသောအလားတူအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားနိုင်မည့် အလားအလာများကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါအစီအစဉ်များကို ချိတ်ဆက်ဆောင်ရွက်ရန်နှင့်ဒေသတွင်းကုန်သွယ်မှုတွင် MSME စီးပွားရေးလုပ်ငန်းများ ပေါင်းစည်းပါဝင်လာရေးကို မြှင့်တင်ပေးနိုင်မည့် လက်တွေ့ကျသည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်သွားကြရန် တိုက်တွန်းလိုကြောင်း။

ဒုတိယအချက်အနေဖြင့် ခေတ်မီပြီးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ACMECS ဖြစ်လာစေရေးအတွက် စားနပ်ရိက္ခာ၊ ရေနှင့် စွမ်းအင်ဖူလုံရေးကို အလေး ပေးရန် တိုက်တွန်းလိုကြောင်း၊ စားနပ်ရိက္ခာ၊ ရေနှင့်စွမ်းအင်ဖူလုံရေးသည် အပြန် အလှန်ဆက်နွှယ်လျက်ရှိပြီး မိမိတို့နိုင်ငံများ၏ ကြံ့ကြံ့ခံနိုင်စွမ်း၊ ဒေသတွင်းတည်ငြိမ် ရေးနှင့်ပြည်သူများ၏ သာယာဝပြောရေးတို့အတွက် မရှိမဖြစ်လိုအပ်လာကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို မည်သည့်နိုင်ငံကမှ တစ်နိုင်ငံတည်း ချဉ်းကပ်ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် စုပေါင်းကြံ့ကြံ့ခံနိုင်စွမ်းအတွက် လက်တွေ့ကျသည့် ပလက်ဖောင်းတစ်ခုအဖြစ် ACMECS ၏ အခန်းကဏ္ဍကို မြှင့်တင်ရမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား အသိပညာ၊ နည်းပညာနှင့်အလေ့အထကောင်းများကိုမျှဝေခြင်းအပါအဝင် ဒေသတွင်းထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များကို အားကောင်းစေခြင်း၊ ရာသီဥတုဒဏ်ခံနိုင်သည့် စိုက်ပျိုးရေးစနစ်များနှင့် ခေတ်မီနည်းပညာနှင့် စိုက်ပျိုးရေးကိုမြှင့်တင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနှင့်ယင်းနှင့်ဆက်နွှယ်ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်စိန်ခေါ်မှုများကို ဖြေရှင်းရေးတို့အတွက် ရေအရင်းအမြစ်စီမံခန့်ခွဲခြင်းနှင့်သန့်ရှင်းသော စွမ်းအင်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ဆောင်ရွက်ခြင်းတို့မှတစ်ဆင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်း လိုကြောင်း။

ယင်းသို့အကောင်အထည်ဖော်ရာတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရင်း ACMECS နှင့်အခြားသောသက်ဆိုင်ရာ ဒေသတွင်း၊ ဒေသခွဲပူးပေါင်းဆောင်ရွက်ရေး မူဘောင်များအကြား ဟန်ချက်ညီညီပေါင်းစပ်ဆောင်ရွက်မှုကိုလည်း မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

တတိယအချက်အနေဖြင့် အခြေခံအဆောက်အဦများ ချိတ်ဆက်မှု၊ ဒီဂျစ်တယ်နည်းပညာများဖြင့် ချိတ်ဆက်မှုနှင့်အဖွဲ့အစည်းဆိုင်ရာချိတ်ဆက်မှု (၃) ခုကို ခိုင်မာအားကောင်းအောင်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အဦ ချိတ်ဆက်မှုသာမကဒီဂျစ်တယ် ကွန်ရက်ချိတ်ဆက်မှု၊ အဖွဲ့အစည်းဆိုင်ရာနှင့်လုပ်ထုံးလုပ်နည်းဆိုင်ရာ အတားအဆီးများကိုဖြေရှင်းပေးခြင်းတို့သည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေးနှင့် ဆိုက်ဘာလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတို့တွင် မရှိမဖြစ်လိုအပ်ပြီး စစ်မှန်သည့်ဒေသတွင်း ချိတ်ဆက်မှုကိုလည်း ရရှိစေမည်ဖြစ်ကြောင်း။

အဖွဲ့အစည်းဆိုင်ရာအဆင့်တွင် ဆက်လက်ဆောင်ရွက်သွားမည့် ACMECS ပင်မစီမံချက်ရေးဆွဲရေးအတွက် လက်ရှိကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် မဟာဗျူဟာမြောက် လမ်းပြမြေပုံအဖြစ် အချိန်မီအပြီးသတ် အတည်ပြုချမှတ်သွားနိုင်မည်ဟု မျှော်လင့်မိကြောင်း၊ ACMECS ပင်မစီမံချက်အသစ်သည် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းရန်နှင့် မိမိတို့၏ ဒေသတွင်း ဦးစားပေးလုပ်ငန်းများကို ထင်ဟပ်စေရမည်ဖြစ်ကြောင်း။ 

မိမိတို့အနေဖြင့် ACMECS ယာယီအတွင်းရေးမှူးရုံးကို အားကောင်းစေရေးအတွက်ကြိုးပမ်းမှုများကိုလည်းထောက်ခံပြီး အက်ခ်မက်ဦးစားပေးစီမံကိန်းများစာရင်းကို ပြန်လည်သုံးသပ်ပြင်ဆင်မွမ်းမံရန် အကြံပြုချက်ကိုကြိုဆိုကြောင်း၊ အဆိုပါအချက်များသည်  အဖွဲ့အစည်းဆိုင်ရာထိရောက်မှုကို မြှင့်တင်ရာတွင်လည်း အရေးပါခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်“ ACMECS ဦးစားပေးစီမံကိန်းများ ပြန်လည်သုံးသပ်ရေးအထူးလုပ်ငန်းအဖွဲ့၏လုပ်ငန်းလမ်းညွှန်”ကို ACMECS အရာရှိကြီးများ အစည်းအဝေးမှ ထောက်ခံခဲ့ခြင်းနှင့်ယခုထိပ်သီးအစည်းအဝေးတွင် အတည်ပြုထုတ်ပြန်မှုအပေါ် နိုင်ငံခေါင်းဆောင်များ၏ အပြည့်အဝထောက်ခံမှုကို ကြိုဆိုကြောင်း။

မိမိတို့၏ ဘုံမျှော်မှန်းချက်များကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် အတွက်ခိုင်မာသည့် နိုင်ငံရေးကတိကဝတ်နှင့်စနစ်ကျသည့် အဖွဲ့အစည်းဆိုင်ရာ အစီအမံများသာမက လုံလောက်၍ မှန်းဆတွက်ချက်နိုင်ပြီး ရေရှည်တည်တံ့သည့် ဘဏ္ဍာရေးအထောက်အပံ့များလည်းလိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အရင်းအမြစ်များကို စုစည်းပြီး ဦးစားပေးစီမံကိန်းများ အကောင်အထည်ဖော်မှုကိုပံ့ပိုးရန် အတွက်အရေးပါသော ယန္တရားတစ်ခုဖြစ်သည့် ACMECS ဖွံ့ဖြိုးမှုရန်ပုံငွေ(ACMDF)ထူထောင်ရေးကို အထူးအလေးထားလျက်ရှိကြောင်း၊ ရန်ပုံငွေထူထောင်ရေးလုပ်ငန်းစဉ်များကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် အက်ခ်မက်ဘဏ္ဍာရေးဆိုင်ရာ အရာရှိကြီးများအစည်းအဝေး၏ လက်ရှိကြိုးပမ်းအားထုတ်မှုများကိုလည်း အသိအမှတ်ပြုသည်ကို ပြောကြားလိုကြောင်း၊ ACMECS ဖွံ့ဖြိုးမှုရန်ပုံငွေကို အမြန်ဆုံးထူထောင်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများကိုအရှိန်မြှင့် ဆောင်ရွက်သွားကြရန်တိုက်တွန်းလိုကြောင်း၊ အဖွဲ့ဝင်နိုင်ငံများနှင့်ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်များအနေဖြင့်လည်း ထည့်ဝင်မှုများနှင့်ပံ့ပိုးကူညီမှုများကို ဆက် လက်ပြုလုပ်သွားကြရန်လည်း တိုက်တွန်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အစည်းအဝေးတွင်ထုတ်ပြန်မည့် (၁၁)ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS)၏ နေပြည်တော် ကြေညာစာတမ်းနှင့် ACMECS ဦးစားပေးစီမံကိန်းများ ပြန်လည်သုံးသပ်ရေးအထူးလုပ်ငန်းအဖွဲ့ဆိုင်ရာ လုပ်ငန်းလမ်းညွှန်တို့အား အတည်ပြုကြသည်။

ထို့နောက် အလှည့်ကျဥက္ကဋ္ဌပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင် တန်ဖိုးရှိသည့် အကြံ ဉာဏ်များနှင့်အမြင်များကို ဖလှယ်ကြရင်း တက်တက်ကြွကြွပါဝင်ဆွေးနွေးခဲ့ကြသည့်အတွက် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ အားလုံးကိုမိမိအနေဖြင့် ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ACMECS အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်အတွင်း၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ ချိတ်ဆက်မှုပိုမိုအားကောင်းရေး၊ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ်ဖော်ဆောင်နိုင်ရေးနှင့် ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုအသစ်များကြားတွင် ကြံ့ကြံ့ခံနိုင်မှုရှိရေးတို့အတွက် နည်းလမ်းများ ကြိုးပမ်းရှာဖွေခဲ့ကြောင်း။

မိမိတို့ရှေ့တွင် အခက်အခဲစိန်ခေါ်မှုများရှိနေလင့်ကစား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားကြမည်ဆိုသည့် ခိုင်မာသောဆုံးဖြတ်ချက်တစ်ခုရှိနေသည်ကို ယနေ့ထိပ်သီးအစည်းအဝေး၏ ဆွေးနွေးမှုများကသက်သေပြခဲ့ကြောင်း၊ ACMECS ၏အောင်မြင်မှုသည် မိမိတို့မည်သည်ကိုဆုံးဖြတ် ချက်ချလည်းဆိုသည့် အချက်အပေါ် မှာပင်မူတည်နေခြင်းမဟုတ်ကြောင်း၊ ယခုဆုံးဖြတ်ချက်များကို လက်တွေ့မည်သို့ အကောင်အထည်ဖော်သလဲဆိုသည့် မိမိတို့၏စွမ်းဆောင်မှုအပေါ်တွင်ပါ မူတည်နေကြောင်း။

မိမိတို့အနေဖြင့် အက်ခ်မက်ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုကို ပြန်လည်သုံးသပ်ပြီး ပိုမိုတောက်ပသည့် အနာဂတ်ဆီသို့မျှော်မှန်းရာတွင် ပုဂံကြေညာစာတမ်း၏ မျှော်မှန်းချက်နှင့်စိတ်ဓာတ်ကို လမ်းညွှန်ချက်အနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ရှေ့မှောက်တွင် ကြီးမားသည့်စိန်ခေါ်မှုများရှိနေသကဲ့သို့ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ယုံကြည်မှုနှင့်အားလုံးပူးပေါင်းဆောင်ရွက်မှုတို့မှတစ်ဆင့် ဖန်တီးနိုင်မည့် အခွင့် အလမ်းများလည်း များစွာရှိနေကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အက်ခ်မက်၏ ဘုံဦးစားပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန်၊ မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေရန်နှင့်ပိုမိုချိတ်ဆက်မှုရှိကာ ကြံ့ကြံ့ခံနိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် ဒေသခွဲတစ်ခုကို တည်ဆောက်ရန်အတွက် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်အဆင်သင့်ရှိကြောင်း၊ ထို့ကြောင့်ယနေ့ဖော်ဆောင်နေသည့်  သာယာဝပြောမှုနှင့်တိုးတက်မှုများသည် နောင်လာနောက်သားမျိုးဆက်သစ်များအတွက် ပိုမိုခိုင်မာသည့်အခြေခံအုတ်မြစ်တစ်ခုဖြစ်လာစေရေးအတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြပါစို့ဟုတိုက်တွန်း အပ်ပါကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် ACMECS အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အလှည့်ကျဥက္ကဋ္ဌတာဝန် အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ထံလွှဲပြောင်းပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ACMECS အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်မှုနှင့်ပတ်သက်၍လည်းကောင်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်က ACMECS အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းမှုကို လက်ခံသည့်အထိမ်းအမှတ်အဖြစ်လည်းကောင်း မိန့်ခွန်းများအသီးသီးပြောကြားကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ မြဝတီ