အခြေခံပညာကျောင်းများ၊ ဘုရား၊  စေတီပုထိုးများနှင့်လမ်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေပြည်တော် နိုဝင်ဘာ ၂၈ 

Saturday, November 28, 2026 - 16:15

 

အခြေခံပညာကျောင်းများ၊ ဘုရား၊  စေတီပုထိုးများနှင့်လမ်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 

နေပြည်တော် နိုဝင်ဘာ ၂၈ 

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့၊ ရွာ၊ ရပ်ကွက်များနှင့်အများ ပြည်သူသွားလာလျက်ရှိသည့် လမ်းများ၊ ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ဈေးများ၊ ပန်းခြံများနှင့် သောက်သုံးရေကန်များ သန့်ရှင်းသာယာလှပစေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်နှင့်  မှော်ဘီမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့်  ကားလမ်းဘေးဝဲယာများ၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ချုံနွယ်ပေါင်းမြက်များနှင့် သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား   ခြင်ဆေးဖျန်းခြင်း၊ ကျောင်းစာသင်ခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စာသင်ခုံများ နေရာချထားပေးခြင်း တို့ကို ဝိုင်းဝန်းစုပေါင်းဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတပ်နယ်များမှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)