တာချီလိတ်မြို့၊ဆန်ဆိုင်း(က)ရပ်ကွက်၌အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်လုပ်ကိုင်သူထိုင်းနိုင်ငံသား၂၂ဦးကိုလုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိ နေပြည်‌တော် နိုဝင်ဘာ  ၂၈

Saturday, November 28, 2026 - 15:45

 

တာချီလိတ်မြို့၊ဆန်ဆိုင်း(က)ရပ်ကွက်၌အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်လုပ်ကိုင်သူထိုင်းနိုင်ငံသား၂၂ဦးကိုလုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိ

 

နေပြည်‌တော် နိုဝင်ဘာ  ၂၈

 

မြန်မာနိုင်ငံအစိုးရအနေဖြင့်နိုင်ငံအတွင်းအွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုံးဝအခြေမပြုနိုင်စေရေးအတွက်   အွန်လိုင်းလိမ်လည်လောင်း ကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို  ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် လည်းပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည်လည်း   အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့်နိုင်ငံအတွင်းသို့ပြည်ပနိုင်ငံသားများ   တရားမဝင်ဝင်ရောက်နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိရာရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်နိုဝင်ဘာလ ၂၇ ရက် ည ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်က ဆန်ဆိုင်း(က)ရပ်ကွက်ရှိ Platinum Star Hotel သို့သတင်းအရ သွားရောက်စစ်ဆေးရာ အခန်းအမှတ် (၃၀၃)နှင့် အခန်းအမှတ်(၃၀၈)တို့၌ အွန်လိုင်းလောင်းကစားပြုလုပ်နေသည့်  ထိုင်းနိုင်ငံသားအမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၂၂ ဦးတို့ကို  အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသည့် Laptop မျိုးစုံ၈ လုံး၊ ဖုန်းမျိုးစုံ ၂၉ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသားများအား စိစစ်မေးမြန်းချက်များအရ၎င်းတို့သည် ထိုင်းနိုင်ငံရှိပြည်နယ်အသီးသီးတွင်နေထိုင်၍ ကျပန်းအလုပ်လုပ်ကိုင်ကြသူများဖြစ်ကြောင်း၊ စက်တင်ဘာလ ပထမပတ်ခန့်တွင် Line Application မှတစ်ဆင့်အလုပ်အကိုင်ရှာဖွေခဲ့ရာ  ထိုင်းနိုင်ငံသားနင်ဖွန် ဆိုသူနှင့်သိရှိခဲ့ပြီးနင်ဖွန်မှ Online ပေါ်တွင်စာပြန်ပေးရသည့် အလုပ်ရှိကြောင်းနှင့်လုပ်ခလစာအဖြစ်   ထိုင်းဘတ်ငွေ၁၅၀၀၀ ပေးမည်ဖြစ်ကြောင်းပြောဆိုသဖြင့် လက်ခံခဲ့ကြောင်း၊ နင်ဖွန်မှမြန်မာနိုင်ငံ၊ တာချီလိတ်မြို့ရှိ Platinum Star Hotel သို့လာရောက်ရန်ပြောဆိုသဖြင့် မြန်မာ-ထိုင်းနယ်စပ် အမှတ်(၁)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်(TBP)ဖြင့် တာချီလိတ်မြို့သို့အသီးသီးဝင်ရောက်ခဲ့ကြောင်း၊ တာချီလိတ်မြို့သို့ရောက်ရှိချိန်တွင်အသင့်စောင့်ဆိုင်းနေသည့် ထိုင်းနိုင်ငံသားတစ်ဦးမှ Platinum Star Hotel အခန်းအမှတ် (၃၀၃)နှင့် (၃၀၈)သို့ ခေါ်ဆောင်သွားသဖြင့်လိုက်ပါခဲ့ကြောင်း၊ထို့နောက်အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်အဆင်မပြေဖြစ်ပါက Line Account မှတစ်ဆင့်    ပြန်လည်ဖြေကြားရှင်းလင်းပေးရသည့်  ဝန်ဆောင်မှုလုပ်ငန်းအား လေ့လာသင်ယူကာ ၎င်းတို့၏ Online Website ဖြစ်သည့် UFABET888 နှင့် g2g888 တို့တွင်စာပြန်ဖြေရသည့်အလုပ်ကိုလုပ်ကိုင်ခဲ့ကြောင်း၊တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ကိုင်ရမှုအနေဖြင့် UFABET888 နှင့် g2g888 အွန်လိုင်းလောင်းကစားဂိမ်း website များတွင် Customer Service အဖြစ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ Telegram နှင့် Viber တို့မှ AI Chat Bot စနစ်ဖြင့် အာရုံစိုက်မှုရရှိစေမည့်   စာတိုများပေးပို့ရကြောင်း၊ပစ်မှတ်မှ စာပြန်သောအခါအွန်လိုင်းလောင်းကစား link များချပေးကာဆော့ကစားစေရန် ဆွဲဆောင်စည်းရုံးခြင်း၊ Website အသုံးပြုပုံအားရှင်းပြခြင်း၊ငွေသွင်းနည်းလမ်းများနှင့် ယူနစ်ဖြည့်သွင်းမှုတို့အားစစ်ဆေးပေးခြင်း၊ Account နှင့် Password/OTP ပြဿနာများဖြေရှင်းပေးခြင်း၊လောင်းကြေးမှတ်တမ်းစစ်ဆေးပေးခြင်း၊အဆင်မပြေမှုများအား မှတ်တမ်းတင်၍နေ့စဉ် Report ပြုစုခြင်းတို့ကိုဆောင်ရွက်ပေးရကြောင်း၊ ငွေလက်ခံခြင်းနှင့်အလျော်အစားပြုလုပ်ခြင်းအပိုင်းများအားဆောင်ရွက်ရမှုမရှိကြောင်းနှင့်လစာအနေဖြင့် တစ်ဦးလျှင်ထိုင်းငွေ ၁၅၀၀၀ ဘတ်ရရှိကြောင်းသိရှိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအားလိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပြီးစီး ပါကတည်ဆဲဥပဒေများနှင့်အညီထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ   ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။(၁၀၀)