ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိအွန်လိုင်းလိမ်လည်မှုနှင့်လောင်းကစားမှုများကျူးလွန်ရာတွင်အသုံးပြုခဲ့သည့်အဆောက်အအုံ၁၄ လုံး ဖြိုချဖျက်ဆီးပြီးစီး၊ကျန်အဆောက်အအုံများအားစနစ်တကျဖြိုချဖျက်ဆီးခြင်းများဆက်လက်ဆောင်ရွက်
နေပြည်တော် နိုဝင်ဘာ ၂၈
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိတရားမဝင် အဆောက် အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန်အဆိုပါ အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကိုစနစ်တကျဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ ဖြိုချဖျက်ဆီးရန်ကျန်တရားမဝင် အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ဖြိုချ ဖျက်ဆီးလျက်ရှိသည့် ၅ထပ် အဆောက်အအုံ ၁ လုံးမှာ ယနေ့တွင် ၁၀၀ရာခိုင်နှုန်းဖြိုချပြီးစီးခဲ့သည့်အတွက် ယနေ့အထိတရားမဝင်အ ဆောက်အအုံ ၁၄ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ၅ ထပ်အဆောက်အအုံ ၁ လုံးအား ယနေ့အထိ၇၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းသိရှိရသည်။
ရွှေကုက္ကိုလ်နယ်မြေ၊ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန်အဆောက်အအုံ ၆၃ လုံးအနက် ဖောက်ခွဲ၍ ဖြိုချမည့်အဆောက်အအုံ၄ လုံးနှင့်ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ၁၀ လုံး၊ စုစုပေါင်းအ ဆောက်အအုံ၁၄ လုံးတို့ကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည့်တရားမဝင်အဆောက်အအုံ၄၉လုံးကိုလည်း စနစ်တကျဆက်လက်ဖြိုချဖျက်ဆီး သွားမည် ဖြစ်ကြောင်းသိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာလူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။ (၁၀၀)



