မြိတ်မြို့နယ်၊ ဟဲဟိုးမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော် နိုဝင်ဘာ ၂၈
တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ကော့လိပ်ကုက္ကို ပရိယတ္တိစာသင်တိုက်မှ သံဃာတော်များအား အဆိုပါစာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၄၀ ပါးတို့အား အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ ကလေးရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးပြီး ECG စက်ဖြင့် ရောဂါရှာဖွေပေးခြင်းများဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့်သံဃာတော်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အဆိုပါကျောင်းတိုက်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ သာသနပါလဓမ္မာစရိယ ဘဒ္ဒန္တတိလောကာဘိဝံသအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အလားတူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့နယ်၊ ဘော်ဆိုင်းကျေးရွာနှင့်ပတ်ဝန်း ကျင်ကျေးရွာများရှိဒေသခံတိုင်းရင်းသားပြည်သူ ၂၉၁ ဦးအား အဆိုပါကျေးရွာရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ အခြေပြု၍လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၆၀ ဦးတို့အား အဆိုပါကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အခြေပြု၍လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ မဟာကုသိုလ်တော်ကျောင်းတိုက်ရှိ သံဃာ တော် ၇၉ ပါးနှင့် ဒေသခံပြည်သူ ၁၀၇ ဦးတို့အား အဆိုပါကျောင်းတိုက်ရှိခန်းမဆောင်၌ အခြေပြု၍လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သံဃာတော်များနှင့် ဒေသခံပြည်သူများအား သွေးတိုးရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးမှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
