မြဝတီမြို့၊အမှတ်(၅)ရပ်ကွက်အတွင်း တရားမဝင်ထိုင်းနိုင်ငံသားများအပါအဝင် လောင်းကစားဝိုင်း (ကာစီနို)လုပ်ကိုင်နေသူများ အားလုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိ နေပြည်‌တော် နိုဝင်ဘာ ၂၈

Saturday, November 28, 2026 - 15:30

 

မြဝတီမြို့၊အမှတ်(၅)ရပ်ကွက်အတွင်း တရားမဝင်ထိုင်းနိုင်ငံသားများအပါအဝင် လောင်းကစားဝိုင်း (ကာစီနို)လုပ်ကိုင်နေသူများ အားလုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိ

 

နေပြည်‌တော် နိုဝင်ဘာ ၂၈

 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ကဏ္ဍအသီးသီးတို့တွင်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အဆင့်ဆင့်ချမှတ်၍ အလေးထားဆောင်ရွက်လျက်ရှိပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက်လည်း ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများကို အင်တိုက် အားတိုက်  ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာလ ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅)ရပ်ကွက်၊ ဖားခြောက်ကောင်လမ်းရှိ Grand Myawaddy ဟိုတယ်အတွင်း သတင်းအရ ရှာဖွေစစ်ဆေး မှုများဆောင်ရွက်ခဲ့ရာ  လောင်းကစားဝိုင်း (ကာစီနို)များ ကျူးလွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၇၁ ဦး၊ စုစုပေါင်း ၇၉ ဦး၊ တရားမဝင် ထိုင်းနိုင်ငံသား အမျိုးသား ၂၇၂ ဦးနှင့်အမျိုးသမီး ၃၂၁ ဦး၊ စုစုပေါင်း ၅၉၃ ဦးတို့ကို လောင်းကစားမှုများ လုပ်ကိုင်ရာတွင်အသုံးပြုသည့် Laptop ၁၈၅ လုံး၊ All in One ကွန်ပျူတာ ၁၉၂ လုံး၊ မော်နီတာ ၄၀ လုံး၊ CPU ၄၀ လုံးနှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ဖုန်းမျိုးစုံ၃၄၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။

အလားတူ နိုဝင်ဘာလ ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ Myawaddy Complex အမည်ရှိနေရာအားဝင်ရောက်စစ်ဆေးခဲ့ရာ  အဆိုပါလောင်းကစားရုံအတွင်းမှ All in One ကွန်ပျူတာ ၁၀ လုံး၊ မော်နီတာ ၅၀ လုံး၊ CPU ၅၀ လုံး UPS ၁၀ လုံးနှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ ဖုန်းမျိုးစုံ ၁၀ လုံးနှင့် ဖဲကစားခုံ ၂ ခုံ တို့ကို ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 

ဆက်လက်၍ ပူးပေါင်းအဖွဲ့များသည် မြဝတီမြို့အတွင်းရှိ ရပ်ကွက်များနှင့်လမ်းဆုံနေရာများတွင်လိုအပ်သည့်ရှာဖွေပိတ်ဆို့စစ်ဆေးခြင်းများ ဆောင် ရွက်နေစဉ် အမှတ်(၅)ရပ်ကွက်၊ ဝါးတောလမ်းနေရာတစ်ဝိုက်၌ မသင်္ကာဖွယ်မီးရောင်များတွေ့ရှိရသဖြင့် သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်၊ ယနေ့နံနက် ၂ နာရီ ၅၀ မိနစ်ခန့်တွင် ထိုင်းနိုင်ငံသားအမျိုးသား ၅၅ ဦး၊ အမျိုးသမီး ၂၀ ဦးကိုလည်းကောင်း၊ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ထိုင်းနိုင်ငံသား အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၂၅ ဦးကိုလည်းကောင်း၊ နံနက် ၃ နာရီ ၅၀ မိနစ်ခန့်တွင် ထိုင်းနိုင်ငံသား အမျိုးသား ၆၂ ဦး၊ အမျိုးသမီး ၂၂ ဦးကိုလည်းကောင်း၊ စုစုပေါင်းထိုင်းနိုင်ငံသား အမျိုးသား ၁၇၀ ဦး၊ အမျိုးသမီး ၆၇ ဦး စုစုပေါင်း ၂၃၇ ဦးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။

အဆိုပါ လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအားလိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင် ရွက် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ (၁၀၀)