နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် KNLA ၊ KTLA ၊ PDFအဖွဲ့များမှ အဖွဲ့ဝင် ၂၈ ဦးတို့  လက်နက်၊ ခဲယမ်းများနှင့်အတူဥပဒေဘောင်အတွင်းသို့ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်းအပ်နှံ

Saturday, November 28, 2026 - 15:30

 

နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် KNLA ၊ KTLA ၊ PDFအဖွဲ့များမှ အဖွဲ့ဝင် ၂၈ ဦးတို့  လက်နက်၊ ခဲယမ်းများနှင့်အတူဥပဒေဘောင်အတွင်းသို့ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်းအပ်နှံ

 

နေပြည်တော်  နိုဝင်ဘာ ၂၈ 

 

နိုင်ငံတော်အစိုးရသည် PDF အပါအဝင်အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်  ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိရာKNLA၊ KTLA ၊ PDF အဖွဲ့များမှအမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၂၈ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြသည်။

ထိုသို့ ဥပဒေဘောင်အတွင်းလက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် KNLA ၊ KTLA ၊ PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်း ရန်အောင်ခန်းမ၌ပြုလုပ်ရာ တနင်္သာရီ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းအောင်နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများတက်ရောက်ကြသည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီးနောက် တိုင်းမှူးက တရားဥပဒေဆိုင်ရာပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးရှင်း လင်းပြောကြားသည်။ 

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသည့် တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်မှအမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးထားဝယ်မြို့နယ်မှအမျိုးသား၈ ဦး၊ အမျိုးသမီး ၅ဦး၊ ဘုတ်ပြင်းမြို့နယ်မှ  အမျိုးသား ၂ ဦး၊  ကော့သောင်းမြို့နယ်မှ အမျိုးသား ၁ ဦး၊ ပုလောမြို့နယ်မှအမျိုးသား၂ ဦး၊ ရေဖြူမြို့နယ်မှ အမျိုးသား ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်မှ အမျိုးသား ၁ ဦး၊ လှိုင်သာယာမြို့နယ်မှ အမျိုးသား ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်မှ အမျိုးသား ၁ ဦး တို့သည် ၎င်းတို့နှင့်အတူ ပါရှိလာသည့် M16 သေနတ် ၁ လက်၊ HK သေနတ် ၁ လက်၊ ပစ္စတို ၁ လက်၊ လက်လုပ်သေနတ် ၄ လက်၊ လက်ပစ်ဗုံးမျိုးစုံ ၇ လုံး၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၆၄ တောင့်၊ ၄၀ မမဗုံးသီး ၃ လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများကလက်ခံရယူသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက လက်နက်၊ခဲယမ်းများနှင့်အတူဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအားမောင်းပြန်ရိုင်ဖယ် ၂ လက်အတွက်ဆုကြေးငွေကျပ်သိန်း ၁၀၀၊ ပစ္စတို ၁ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၂၀၊ လက်လုပ်သေနတ် ၄ လက်အတွက်ဆုကြေးငွေကျပ် ၂၀ သိန်း ၊လက်ပစ်ဗုံးမျိုးစုံ ၇ လုံးအတွက်ဆုကြေးငွေကျပ် ၂၁ သိန်း၊ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ ၂၈ ဦး  အတွက် ဆုကြေးငွေကျပ်သိန်း ၂၈၀ နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ရာ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက  ကျေးဇူး တင်စကားပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသူများအားခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးသည်။ 

ယင်းနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏  မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့်  PDF  အဖွဲ့ဝင်များသည်  မိသားစုဝင်ဆွေမျိုးများနှင့်အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရသူများဖြစ်ပြီး  အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အကြမ်းဖက်လုပ်ရပ်များကို  လက် မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့်တပ်မတော်၏ တိုက်စစ်ကိုခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင်နိုင်ငံတော်နှင့်တပ်မတော်၏   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို  ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ယခုကဲ့သို့ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍လိုအပ်သည့်  ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရသည်။ ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာလိုအပ်သည့် ကူညီထောက်ပံ့မှုများပေးအပ် သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက်  ဆုကြေးငွေများကို ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

“ကျွန်တော် ၂၀၂၄ လောက်က ရွာကိုအလည်လာရင်းနဲ့လမ်းမှာ KNLA အကြမ်းဖက်အဖွဲ့တွေနဲ့ တွေ့ပြီး ကျွန်တော့်ကို စစ်ဆေးတယ်။ မေးမြန်းတယ်။ နောက်ဆုံးတော့ ကျွန်တော့်ကိုလိမ်ပြီးခေါ်သွားတာပေါ့။ ကျွန်တော် သင်တန်းကာလ ၃ လကြာတာပေါ့။ သင်တန်းဆင်းပြီး စခန်းကို ပြန်ရောက်တယ်။ကျွန်တော်ရှင်းလင်းရေးတွေလုပ်ရတယ်။ ဒါ့အပြင် ပြည်သူပိုင်တဲ့ ဥယျာဉ်ခြံတွေမှာ ဆက်ကြေးကောက်ခိုင်းတယ်။ အမှားနည်းနည်းလုပ်လိုက်တာနဲ့  အပြစ်ပေးတယ်၊ ရိုက်တယ်၊ ထိုးတယ်။ အများကြီးအနိုင်ကျင့်ခံရတာပေါ့။ ကျွန်တော် ပြန်စဉ်းစားတယ်။ အတွေးပြန်ဝင်တာပေါ့။ ငါတို့ ဒီတိုင်းဆက်သွားနေရင်ဘာအဓိပ္ပာယ်မှမရှိဘူး။ ငါတို့ လူငယ်တွေရဲ့ အနာဂတ်ပျောက်မှာသေချာတယ်။ အဲ့ဒီတော့ တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်တယ်။ ဥပဒေဘောင်အတွင်းသို့ အလင်းပြန်လည်ဝင်ရောက်ဖို့ အကြိမ်ကြိမ်ကြိုးစားတယ်။ ကျွန်တော် ၂၀၂၅ ကျော်လောက်မှာကျွန်တော်ရင်းနှီးတဲ့ အသိတစ်ယောက်ထံ ကျွန်တော်အကူ အညီတောင်းတယ်။ အမှန်တရားကိုရှင်းပြတယ်။ ကျွန်တော်တို့ဥပဒေဘောင်အတွင်းသို့အလင်းပြန်လည်ဝင်ရောက်ဖို့ အကြောင်းပြောပြတယ်။အဆင်ပြေသွားတယ်။ ကျွန်တော်လည်းမိသားစုနဲ့ ပြန်တွေ့ရမှာကျွန်တော်လည်း အရမ်းပျော်မိတယ်။ ကျွန်တော်တို့ကို အစစအရာရာကူညီထောက်ပံ့ပေးတဲ့ ဌာနဆိုင်ရာအသီးသီးကိုလည်း အလင်းဝင်ရောက်လာတဲ့ ညီအစ်ကိုမောင်နှမများကိုယ်စား ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။ တောထဲမှာကျန်ရှိနေတဲ့ ညီငယ် ညီမငယ်များကိုလည်း အမြန်ဆုံးဥပဒေဘောင်အတွင်းသို့လာရောက်အလင်းဝင်ဖို့ကျွန်တော်  တိုက်တွန်းချင်ပါတယ်” ဟုပြောသည်။

      “၂၀၂၃ မှာ PDF အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်ရှင့်။ ဝင်ရောက်ခဲ့ပြီးတော့ အခြေခံသင်တန်း ၃ လ ဆင်းခဲ့ရပါတယ်။ သင်တန်းက ပြန်ရောက်ပြီးတော့ သမီးလုပ်ရတဲ့ တာဝန်တွေကတော့ဆက်ကြေးကောက်တယ်။ ကင်းစောင့်ရတယ်။ ထမင်းချက်ဟင်းချက်ရတယ်။ လိုင်းပေါ်က အလှူခံမဲရောင်းရတယ်။နေရထိုင်ရအဆင်မပြေတာတွေ အများကြီးရှိခဲ့တာပေါ့။ တစ်နှစ်လောက်ကြာတာနဲ့ထွက်ဖို့ပြောတာပေါ့။ အချုပ် ၆ လအကျခံရင်ထွက်ခိုင်းမယ်လို့ ပြောတယ်။အချုပ် ၆ လအကျခံတာပေါ့။ အချုပ် ၆ လအကျခံပြီးတော့လည်း ထွက်ဖို့ထပ်ပြောတယ်။ ထွက်ဖို့ထပ်ပြောတော့ မထွက်ခိုင်းဘူး။ မထွက်ခိုင်းဘူးဆိုတော့သမီးထွက်ပြေးဖို့ ကြိုးစားတာပေါ့။ အဲ့ဒါနဲ့ တပ်မတော်ဘက်ကို အလင်းဝင်လိုက်တာပေါ့။ အလင်းလာဝင်တော့ တပ်မတော်ဘက်ကလည်းနွေးနွေးထွေးထွေး  ကြိုဆိုတယ်။ ပြီးတော့ အစားအသောက် အနေအထိုင်အစစအရာရာအားလုံးကို အဆင်ပြေအောင်ထားပေးတယ်။ အဲ့လိုထားပေးတဲ့အတွက်လည်း   ကျေးဇူးအများကြီးတင်ပါတယ်ရှင့်” ဟုပြောကြားခဲ့ကြောင်းသိရသည်။ (၁၀၀)