မြစ်ကြီးနားမြို့ရှိသံဃာတော်များနှင့်သာသနာနွယ်ဝင်သီလရှင်များအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

Thursday, November 26, 2026 - 09:30

 

မြစ်ကြီးနားမြို့ရှိသံဃာတော်များနှင့်သာသနာနွယ်ဝင်သီလရှင်များအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

 

နေပြည်တော် နိုဝင်ဘာ ၂၆

 

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ၎င်းတို့၏မြို့နယ်၊ ကျေးရွာများအရောက်သွားရောက်၍ လူမျိုး၊ ဘာသာမရွေးဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ မိုးကုတ်ဓမ္မရိပ်သာကျောင်းတိုက်၌အခြေပြု၍  သံဃာတော် ၆ ပါးနှင့် သာသနာနွယ်ဝင်သီလရှင် ၂၅ ပါး တို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊  မျက်စိရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြော အားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန် ရိုက်ကူး၍ရောဂါ ရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မြစ်ကြီးနားတပ်နယ်မှ တာဝန်ရှိသူများကသွားရောက်ကြည့်ရှုအားပေးပြီး အဆိုပါကျောင်းတိုက်ရှိ သံဃာတော်များအားလှူဖွယ်ပစ္စည်းများနှင့်နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။  (၁၀၀)