တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့  နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ  သွားရောက်လေ့လာ

Thursday, November 26, 2026 - 10:15

 

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့  နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ  သွားရောက်လေ့လာ

 

နေပြည်တော် နိုဝင်ဘာ ၂၆ 

 

ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များနိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏သမိုင်းကြောင်းများကိုသိရှိပြီး အသိပညာဗဟုသုတများစွာရရှိစေရန်၊ လူငယ်များအား မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေပြီး နိုင်ငံချစ်စိတ်နှင့်တိုင်းပြည်ချစ်စိတ်များတိုးတက် ဖြစ်ထွန်းလာစေရန်၊ကျောင်းသင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို အထောက်အကူပြုစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေးစီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုကြောင့်ယနေ့နံနက်ပိုင်းတွင်နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ညောင်ပင်သာ)၊ အခြေခံပညာအထက်တန်းကျောင်း(သစ်လေးလုံး)တို့မှကျောင်းသား၊ ကျောင်းသူများသည် ဆရာ၊ ဆရာမများနှင့်အတူတပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ သွားရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီးပြင်ပပြကွက်တွင်ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ စစ်ရေယာဉ်ပုံစံတူများနှင့် စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများရိုက်ကြသည်။ 

ထို့နောက် တပ်မတော်(ကြည်း)ပြခန်းဆောင်တွင် ခေတ်အဆက်ဆက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများအတွက် မုန့်များကိုပေးဝေကြသည်။ 

ယင်းနောက် ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့်ပြတိုက်အတွင်းရှိတပ်မတော်(ရေ)၊ တပ်မတော်(လေ)နှင့်လက်ရုံးတပ်ဖွဲ့များ၏ကဏ္ဍအလိုက်ပြခန်း၊ ပြကွက်များပြသထားမှုတို့ကို ရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများကခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုလေ့လာ၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ကြပြီး ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။   

 ထို့နောက် ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပြုလုပ်ကာ မေးခွန်းများကိုမှန်ကန်စွာဖြေဆိုနိုင်သောကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြတိုက်တာဝန်ရှိသူများက ပြန်လည်ထွက်ခွာမည့် ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊  ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ 

ထိုကဲ့သို့ လေ့လာရေးလာရောက်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများ၏ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

“ပထမဦးဆုံးကတော့   တပ်မတော်(ရေ)၊  တပ်မတော်(လေ) ပြင်ပပြကွက်မှာ လေယာဉ်တွေ၊ သင်္ဘောတွေ အစရှိတာတွေကို ကလေးတွေလေ့လာခွင့်ရခဲ့ပါတယ်။ တပ်မတော်( ကြည်း၊ ရေ၊ လေ )ရဲ့ သမိုင်းကြောင်းအဆင့်ဆင့်တွေကို လည်းလေ့လာခွင့်ရရှိခဲ့တယ်။ အခုတပ်မတော်(ကြည်း၊ရေ၊လေ)မှာ  ဆောင်ရွက် နေတဲ့   လုပ်ငန်းတွေအားလုံးကိုလည်း လေ့လာခွင့်ရရှိခဲ့တယ်။ကလေးတွေမှာ အရမ်းအကျိုးကျေးဇူးရရှိခဲ့ပါတယ်။

အခုလိုကလေးတွေကို   လာရောက် လေ့လာခွင့်ရအောင်စီစဉ်ပေးခဲ့တဲ့  နိုင်ငံတော်အကြီးအကဲများ၊တပ်မတော်အကြီးအကဲများနဲ့ အခုစစ်သမိုင်းပြတိုက်မှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကိုလည်း အထူးကျေးဇူးတင် ရှိပါတယ်လို့ ပြောကြားချင်ပါတယ်”ဟု ပြောသည်။(၁၀၀)