မာရဝိဇယဗုဒ္ဓရုပ်ပွားတောင်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများအနက် ဦးရေ ၅ သန်းပြည့်မြောက်သည့် ဘုရားဖူးပြည်သူအား ဓမ္မလက်ဆောင်ပစ္စည်းများ ဂုဏ်ပြုပေးအပ်လှူဒါန်း
နေပြည်တော် နိုဝင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရီမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဥာဏ်တော် အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ ပြည်သူအများ ဖူးမြော် ကြည်ညိုနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ် စည်ကားလျက်ရှိသည်။
ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ရဟန်း၊ ရှင်လူ ပြည်သူအများ ဖူးမြော်ကြည်ညိုနိုင်ရန် စတင်ဖွင့်လှစ်ပေးခဲ့သည့်နေ့မှစ၍ ဘုရားဖူးပြည်သူအများအပြား နေ့စဉ်လာရောက် ဖူးမြော်ကြည်ညိုကြရာ ၁၃၈၈ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ညတွင် ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့မှ လာရောက်ဖူးမြော်သည့် ဇနီးမောင်နှံသည် ဦးရေ ၅ သန်းပြည့်မြောက်သည့် ကံထူးရှင်ဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် ဦးဆောင်ဘုရားဒါယကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်၏ လမ်းညွှန်မှုအရ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဦးရေ ၅ သန်းမြောက် ဘုရားဖူးလာ ပြည်သူဇနီးမောင်နှံအား ဥာဏ်တော် ၉ လက်မ အမြင့်ရှိသော စကျင်ကျောက်သားဖြင့် ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတော်တူ ဆင်းတုတော် တစ်ဆူ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မှန်ပေါင်သွင်း ပုံတော် တစ်ပုံ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိက အဆောက်အဦများဆိုင်ရာ သမိုင်းကြောင်းပါဝင်သည့် မြန်မာ၊ အင်္ဂလိပ်ဘာသာ စာအုပ် နှစ်အုပ်တို့ကို အမှတ်တရ ဓမ္မလက်ဆောင်အဖြစ် ဂုဏ်ပြုလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

