တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့  ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ပျဉ်းမနားမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ သွားရောက်လေ့လာ နေပြည်တော် နိုဝင်ဘာ ၂၅

Wednesday, November 25, 2026 - 08:00

 

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့  ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ပျဉ်းမနားမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

 

နေပြည်တော် နိုဝင်ဘာ ၂၅

 

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)၌  ကျောင်းသား၊ ကျောင်းသူများ  လေ့လာနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ပျဉ်းမနားမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၊ အမှတ်(၂၅)အခြေခံပညာမူလတန်းလွန်ကျောင်း၊ အမှတ်(၂၇)အခြေခံပညာမူလတန်းလွန်ကျောင်း၊အခြေခံပညာမူလတန်းလွန်ကျောင်း (အောင်ချမ်းသာ)၊ အခြေခံပညာ မူလတန်းလွန်ကျောင်း( အလျင်လို)တို့မှ ကျောင်းသား၊ ကျောင်းသူများသည် ဆရာ၊ ဆရာမများနှင့်အတူ တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ သွားရောက် လေ့လာကြသည်။ 

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ရောက်ရှိကြပြီး တပ်မတော် (လေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့်   တပ်မတော်လေယာဉ်များကိုလည်းကောင်း၊ တပ်မတော်(ရေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသည့် စစ်ရေယာဉ်ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို  လည်းကောင်း စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။ 

ထို့နောက် တပ်မတော်(ကြည်း)ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကိုကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်းရုပ်ရှင်ကိုကြည့်ရှုကြသည်။ ယင်းနောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် မုန့်များကို ပေးဝေကြသည်။ 

ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ  ပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြသကြ သည်။  ထို့နောက်  ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့်ပြခန်းများအား စိတ်ပါဝင်စားစွာ   လှည့်လည်ကြည့်ရှုလေ့လာ၍   သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးသည်။ 

ဆက်လက်၍   ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပပြုလုပ်ကာမေးခွန်းများကို မှန်ကန်စွာ ဖြေဆိုနိုင်သောကျောင်းသား၊ ကျောင်းသူများအား  ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြတိုက်တာဝန်ရှိသူများက ပြန်လည်ထွက်ခွာမည့် ကျောင်းသား၊ ကျောင်းသူများနှင့်  ဆရာ၊   ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ 

ယခုကဲ့သို့ လေ့လာရေးအစီအစဉ်များကို ကျောင်းသားလူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်၊ ကျောင်းပြင်ပ ဗဟုသုတများရရှိစေပြီး သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို  စာတွေ့အပြင် လက်တွေ့ယှဉ်တွဲလေ့လာ နိုင်စေရန်၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာသည့်   မြန်မာ့တပ်မတော်၏ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့မှုအခြေအနေများကို သိရှိစေရန်၊ မျက်မှောက်ကာလတွင် ဖွဲ့စည်းထားရှိသည့် တပ်မတော်လက်ရုံးတပ်ဖွဲ့အသီးသီး၏ သမိုင်းကြောင်းလုပ်ငန်းတာဝန်နှင့်စွမ်းဆောင်နိုင်ခဲ့မှုများကို သိရှိစေရန်နှင့်အနာဂတ်ကာလများတွင် နိုင်ငံတော်ကိုဦးဆောင်ကြမည့် မျိုးဆက်သစ်လူငယ်လူရွယ်များအနေဖြင့် မိမိနိုင်ငံ၏သမိုင်းကြောင်းဆိုင်ရာအချက်အလက်များကို လေ့လာသိရှိထားခြင်းအားဖြင့် အနာဂတ်ဘဝ လျှောက်လှမ်းမှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုကဲ့သို့ လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

“သားတို့အနေနဲ့တပ်မတော်စစ်သမိုင်းပြတိုက်ကို လေ့လာခွင့်ရတဲ့အတွက်  များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ သားတို့အခု စစ်သမိုင်းပြတိုက်ရဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြခန်းများနဲ့ပြင်ပပြကွက်များကို လေ့လာခဲ့ပြီးပါပြီ။ သားတို့အနေနဲ့ကျောင်းမှာ သမိုင်းဘာသာရပ်တွေကို စာတွေ့အဖြစ်ပဲ သင်ယူခဲ့ရပါတယ်။ အခုလို စာတွေ့လက်တွေ့ပေါင်းစပ်လေ့လာခွင့်ရရှိတဲ့အတွက်   နိုင်ငံတော်ရဲ့သမိုင်းကြောင်းဟာ ရှေးယခင်ကတည်းက အခိုင်အမာတည်ရှိခဲ့တယ်ဆိုတာကို သိမြင်ခဲ့ရပါတယ်။ နိုင်ငံတစ်ခုတိုးတက်ဖို့ဆိုတာ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနဲ့ကာကွယ်ရေးစွမ်းအားတွေ ဘက်စုံဟန်ချက်ညီနေမှရမယ်ဆိုတာ  လေ့လာခဲ့ရပါတယ်။ တပ်မတော်အတွင်းမှာအသုံးပြုတဲ့ တိုက်လေယာဉ်တွေ သင်္ဘောတွေလက်နက်တွေကို လက်တွေ့ကျကျတွေ့မြင်ခွင့်ရရှိခဲ့ပါတယ်။ အခုလို လေ့လာခွင့်ရရှိအောင် စီမံပေးတဲ့ နိုင်ငံတော်သမ္မတကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တာဝန်ရှိသူများကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ”  ဟု ပြောသည်။    (၁၀၀)