ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ အမရပူရနှင့် စစ်ကိုင်းမြို့နယ်တို့တွင် ငွေကျပ် ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၉ သိန်းကျော်နှင့် ဘိန်းဖြူ ၄၈ ကီလိုကျော်ဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၂၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်နေ မနှင်းနှင်းဦး(ခ)ဂျပန်မ၏နေအိမ်မှ ဘိန်းဖြူ ၂ ဒသမ ၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျ ရွာနေ မိုးထက်အောင်(ခ)မိုးထက်အား ဘိန်းဖြူ ၂ ဒသမ ၂ ကီလို၊ NISSAN TIIDA ယာဉ် ၁ စီးတို့နှင့် လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့တွင် အမရပူရမြို့နယ်၌ အေးချိုအား ဘိန်းဖြူ ၂၂ ကီလို၊ ဆိုင်ကယ် ၁ စီးတို့နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် စောကဲဘလူးမူးနှင့် မဖြူဖြူဝင်းတို့အား ကလေးမြို့၌ လည်းကောင်း၊ မအိအိကျော်(ခ)အိကျော်နှင့် ထက်ပိုင်မှူး(ခ)ထက်ပိုင်အား ပြည်ကြီးတံခွန်မြို့နယ်၌ လည်းကောင်း၊ အောင်ခိုင်စိုး(ခ)သားထူးအား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)ရှိ ဟိုတယ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။
မိုးထက်အောင်(ခ)မိုးထက်၏ ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ပြည်ကြီး တံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်တွင် နောင်နောင်အား စိတ်ကြွဆေးပြား ၁ သိန်း၊ သုံးဘီးယာဉ် ၁ စီးတို့ နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၄ ရက်နေ့တွင် ချမ်းမြသာစည် မြို့နယ်၌ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများ ဖြစ်သည့် ရာဇာလင်းနှင့် ဆုအောင်အားလည်းကောင်း၊ ထင်ကျော်(ခ)ကျော်ကြီးအား ဆိုင်ကယ် ၁ စီးနှင့် လည်းကောင်း၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျော်ဇင်ထွေးအား ချမ်းမြသာစည်မြို့နယ်၌ ဆိုင်ကယ် ၁ စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိပြီး ၎င်းတို့၏ဖော်ထုတ်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ပြည်သူလူထုနှင်ပူးပေါင်း၍ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာအနီးတွင် ကျော်ဇင်ထွေးမှ ကလေးသို့ ပို့ဆောင်ရန် သိုဝှက်သိမ်းဆည်းထားသည့် စိတ်ကြွဆေးပြား ၁၈ ဒသမ ၅ သိန်းအား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများ သယ်ဆောင် ခိုင်းသူ အောင်အောင်(ခ)ဘကြီးအောင်အား ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်တွင် ဆက်လက် ဖမ်းဆီးရမိခဲ့ပါသည်။
သတင်းကွင်းဆက်အရ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် အထက်ပါပူးပေါင်း အဖွဲ့သည် အမရပူရမြို့နယ်၊ ရှားတောလေးရွာအနီး၌ လှိုင်နေထွန်းနှင့် ထွန်းမင်းလတ်တို့ ၂ ဦးအား CANTER ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၂ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးချက်အရ ယင်းနေ့တွင် ဖမ်းဆီးရမိဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် မဦးမြာနှင့် ဝဏ္ဏထွန်းတို့ ၂ ဦးအား အောင်မြေသာစံမြို့နယ်၌လည်းကောင်း၊ မစန်းစန်းအေးနှင့် စောလှထူးတို့အား ပြည်ကြီးတံခွန်မြို့နယ်၌လည်းကောင်း၊ ဖမ်းဆီးရမိဘိန်းဖြူများ ပို့ဆောင်ခိုင်းသူ သားချိုဝင်း(ခ)ကိုသားကြီး(ခ)ကိုသားအား ဇေယျာသီရိမြို့နယ်၌ TOYOTA KLUGER ယာဉ် ၁ စီးနှင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးမှုဖြစ်စဉ်တွင် ငွေကျပ် ၅ ဒသမ ၃၂၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၉ ဒသမ ၅ သိန်းနှင့် ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုတို့အား သိမ်းဆည်းရမိ ခဲ့ပါသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား သယ်ဆောင်ခိုင်းသူမှာ တမူးမြို့နေ လားရီအဲ(ခ)သားကြီး(ခ)အဲငါ(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး မန္တလေးမှကလေးသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိဘိန်းဖြူများအား ရောင်းချရန်ပို့ဆောင်ခိုင်းသူမှာ ဖယ်ခုံ မြို့နယ်နေ တင်ဝင်း(ခ)ကံဦး(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ၎င်း၏စီမံမှုဖြင့် ဖယ်ခုံမြို့နယ်နေ မိုးကျော်(ခ) မိုးအောင်မှ ပင်လောင်းမှမန္တလေးသို့ သယ်ဆောင်ရောင်းချခြင်းဖြစ်ပြီး မန္တလေးမှတစ်ဆင့် ကလေးသို့ ဆက်လက်သယ်ဆောင်ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ သတင်းရယူဖော်ထုတ်ဖမ်းဆီးမှုအပေါ် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။



