ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် နိုဝင်ဘာ ၂၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
နိုင်ငံ၏ယဉ်ကျေးမှုနှင့် အမျိုးသားရေးစရိုက် လက္ခဏာများကိုလက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားရမည်
ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာတန်ဆောင်တိုင်ပွဲတော်အခါသမယကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ မြန်မာတို့၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ တန်ဆောင်တိုင်မီးထွန်းပွဲတော်များ၊ မီးပုံး ပျံလွှတ်တင်ပူဇော်ပြိုင်ပွဲများနှင့်မသိုးရွှေကြာ သင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကျင်းပ၍ ဖြတ်သန်းခဲ့ကြပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ ပွဲတော်များစီစဉ်ကျင်းပရခြင်းသည်လည်း နိုင်ငံအတွင်းနေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင်အများစုတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အမျိုးသားရေးစရိုက်လက္ခဏာများကို နိုင်ငံတော်အစိုးရက ဦးဆောင်၍ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ခြင်းပင်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံနှင့်လူမျိုး၏ ယဉ်ကျေးမှုနှင့်အမျိုးသားရေးစရိုက်လက္ခဏာများကို ဦးဆောင်ဦးရွက်ပြု၍ ထိန်းသိမ်းဆောင်ရွက်သွားရန်တာဝန်ရှိသကဲ့သို့ အခြားဘာသာဝင်များ၏ ကိုးကွယ်ယုံကြည်မှုနှင့်ဓလေ့ထုံးတမ်းစဉ်လာများကိုလည်း လေးစားရမည်ဖြစ်ကြောင်း၊ မည်သည့်ဘာသာတရားကို ကိုးကွယ်ယုံကြည်ကြသည်ဖြစ်စေ သက်ဆိုင်ရာဘာသာတရားများ၏ အဆုံးအမများအတိုင်း ထိန်းသိမ်းလိုက်နာကျင့်သုံးသွားကြရန်လိုကြောင်း။
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ မဲခွဲဆုံးဖြတ်မှုအပေါ် တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်
လက်ရှိနိုင်ငံ့အခြေအနေများနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံအပေါ် စွပ်စွဲတင်သွင်းခဲ့သည့်အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က စီရင်ချက်ချမှတ်ခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စသည် မိမိတို့နိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲချက်တစ်ခုပင်ဖြစ်ပြီး အဆိုပါအမှုကိုတင်သွင်းခဲ့သည်မှ ခုနစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် တရားရုံး၏လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်မှုများကိုအချက်အလက်ခိုင်မာစွာဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ လူမျိုးသုဉ်းစေမှု(Genocide)ဟူသည့်အသုံးအနှုန်းအနေဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာကို များစွာထိခိုက်စေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရားရုံးသို့စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်းလျှောက်လဲချက်များတင်သွင်းရာတွင်သက်ဆိုင်ရာအချက်အလက်များ၊ မှတ်တမ်းများနှင့်သက်သေ အထောက်အထားများကို ပြည့်ပြည့်စုံစုံတင်ပြခဲ့ကြောင်း၊
မိမိအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သဖြင့် နိုင်ငံတော်တွင်ဖြစ်ပျက်နေသည့်ကိစ္စရပ်ဟူသမျှသည် မိမိ၌အဓိကတာဝန်ရှိ သည်ဟုခံယူထားပြီး နိုင်ငံတော်အား ထိပါးလာသည့်ကိစ္စရပ်မှန်သမျှကို လက်ခံမည်မဟုတ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ မဲခွဲဆုံးဖြတ်မှုများနှင့်ပတ်သက်၍လည်း တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ပဋိညာဉ်အတိုင်း လေးစားလိုက်နာသွားမည်
အာဆီယံနှင့်ပတ်သက်၍လည်း မိမိအနေဖြင့် လွှတ်တော်၌မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားထားပြီးဖြစ်ကြောင်း၊ အာဆီယံပဋိညာဉ်များနှင့်မူဝါဒများကိုအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များက လက်မှတ်ရေးထိုးသဘောတူထားခြင်းဖြစ်ပြီး ယင်းပဋိညာဉ်များနှင့်မူဝါဒများအသက်ဝင်နေပြီး ပျက်ပြယ်မှုမရှိသရွေ့ ယင်းအပေါ်တွင်အခြေခံ၍သာ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံအားလုံးနှင့်မိတ်ဝတ်မပျက်ဆက်ဆံရေးကိုအထူးအလေးထားဆောင်ရွက်လျက်ရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သဖြင့်လည်း အာဆီယံ၏ပဋိညာဉ်အတိုင်းအဖွဲ့ဝင်နိုင်ငံများအပေါ် ဆက် လက်ဆက်ဆံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာကြရန်လိုပြီး အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် တည်ဆဲဥပဒေများကိုလည်း လေးစားကြရန်လိုကြောင်း။
နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
စီးပွားရေးဆိုင်ရာများနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားများအနေဖြင့် နှုန်းထားတစ်ခုတွင် ရောက်ရှိလျက်ရှိနေ သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ နိုင်ငံခြားငွေများကိုင်ထားသူများရှိကြပြီး ၎င်းတို့၏ငွေကြေး ဈေးကစားမှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့်လဲလှယ်နှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ ငွေကြေးတန်ဖိုးများနှင့်ပတ်သက်၍ ဖြစ်သင့်ဖြစ်ထိုက်သည့်နှုန်းထားဖြစ်ရန်လိုကြောင်း၊ ဝင်ငွေနည်းသူများအနေဖြင့် စားရေးအဆင်ပြေစေရေး၊ ကုန်ထုတ် လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းစဉ်ဆက်မပြတ် လည်ပတ်နိုင်စေရေး၊ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သူများ ဝင်ငွေတိုးပွားစေရေး၊ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် စားဝတ်နေရေးအဆင်ပြေစေရေး ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသည့်အဖွဲ့အစည်းများအနေဖြင့် ကုန်ထုတ်လုပ်ငန်းများအဆင်ပြေစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်၌လည်း ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်လာစေရေး စီမံကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည်ကျေးလက်တွင်နေထိုင်ကြပြီး ထက်ဝက်ခန့်သည် စိုက်ပျိုးမွေးမြူရေးနှင့် သားငါးကဏ္ဍတွင်လုပ်ကိုင် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် တိရစ္ဆာန်အစာများကို ဒေသအလိုက်မှထွက်ရှိသည့် ဖွဲ၊ ဆန်ကွဲ၊ ပြောင်း စသည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် ထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြပ်မတ်ဆောင်ရွက်နေရန်လိုသကဲ့သို့ အမှန်တကယ်အလုပ်လုပ်စေရေးအတွက်လည်း ဝန်ကြီးချုပ်များက ဆက်လက်ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စားရေးကိုအဓိက အထောက်အကူပြုစေသည့် ဥစားကြက်နှင့်အသားစားကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး မွေးမြူ မှုများယခုထက်ပိုမို တိုးတက်အောင် လုပ်ငန်းစီမံချက်များရေးဆွဲပြီး စနစ်တကျကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ထုတ်ကုန်ရှိမှသာ ရောင်းကုန်များရရှိမည်ဖြစ်ပြီး ထိုမှတစ်ဆင့်နိုင်ငံခြားဝင်ငွေများရရှိကာ နိုင်ငံ့စီးပွားတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ် ကြောင်း၊ ပြည်ပသို့ ထုတ်ကုန်များတင်ပို့ရာတွင် မြေပေါ်မြေအောက်သယံဇာတပစ္စည်းများကို တင်ပို့ခြင်းထက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်၍ ထုတ်ကုန်များတင်ပို့ခြင်းသည်နိုင်ငံအတွက် ရေရှည်တွင်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရေးအတွက် မိမိအနေဖြင့် MSME လုပ်ငန်းများကို စဉ်ဆက်မပြတ်အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း နေထိုင်ကြသူများအနေဖြင့် အမှန်တကယ်အလုပ်လုပ်ကြမည်ဆိုပါက နိုင်ငံ့စီးပွားရေးသည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာစေရေး အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိတို့နိုင်ငံ၏ အဓိကပြည်ပပို့ကုန်တွင်ပါဝင်သည့် စပါးစိုက်ပျိုးထုတ်လုပ်မှုများတိုးတက်ရေးအတွက်လည်း “မြန်မာ့ပေါ်ဆန်းတစ်ခေတ်ဆန်းရမည်” ဆိုသည့်အတိုင်း မိမိတို့အနေဖြင့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ဒုတိယအကြိမ်ရရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ဆန်များ၏အရည်အသွေးကို ထိန်းသိမ်းနိုင်ရန်အတွက် ဒေသနှင့်ကိုက်ညီပြီး အရည်သွေးကောင်းမွန်သည့် စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ဘဏ္ဍာငွေများရရှိစေရေး အခွန်ငွေများကောက်ခံရာတွင် အခွန်နှုန်းထား(Tax Rate)တိုးမြှင့်ခြင်းထက် အခွန်ကောက်ခံမှုနယ်ပယ်(Tax Space)များ ကျယ်ပြန့်လာစေရေးကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အခွန်ကောက်ခံမှုနယ်ပယ် ကျယ်ပြန့်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်ဝင်ငွေတိုးတက်လာမည်ဖြစ်သကဲ့သို့ ဝန်ထမ်းလစာနှင့်အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း အထောက်အကူဖြစ်လာစေမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လစာများတိုးမြှင့်ပေးနိုင်ရေးအတွက်လည်းချိန်ဆဆောင်ရွက်လျက်ရှိပြီး ဖြစ်ပေါ်လာနိုင်သည့်အခြေအနေအရပ်ရပ်ကို စနစ်တကျဖြစ်စေရေးတွက်ချက်ဆောင် ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးမြှင့်ပေးမည်ဆိုပါက MSME လုပ်ငန်းများတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသူများနှင့် စက်ရုံ၊ အလုပ်ရုံများနှင့်ကုန်ထုတ်လုပ်ငန်းများရှိ လုပ်သားများအတွက်နှင့်အငြိမ်းစားလစာခံစားနေသူများ အပါအဝင် ဘက်ပေါင်းစုံမှတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့စီးပွားရေးတိုးတက်လာစေရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကော်မတီများအနေဖြင့် စနစ်တကျတွက်ချက်ဆောင်ရွက်နေကြရန်လိုကြောင်း။
ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး
လာမည့်နှစ်ဧပြီလအတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်မှကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် မြို့နယ်များအလိုက် မဲစာရင်းများမှန်ကန်စွာရရှိစေရေး၊ နယ်မြေလုံခြုံမှုရှိစေရေးတို့အတွက် တာဝန် ရှိသူများကအလေးထားပြီး ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်နှင့်အဓိကအားဖြင့် ကြားဖြတ်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မဲစာရင်းများ မှန်ကန်မှုရှိအောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ MEVM မဲပေးစက်များဖြင့် မှန်ကန်ကောင်းမွန်စွာ စနစ်တကျမဲပေးနိုင်ရေးအတွက်လည်း အလေးထားဆောင်ရွက်သွား ကြရန်လိုကြောင်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ မြဝတီ

