ရန်ကုန် ဇူလိုင် ၂၃
မြန်မာနိုင်ငံမှ၀ယ်ယူသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ယနေ့ည ၇ နာရီတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။
ယနေ့ရောက်ရှိသည့်ဆေးများတွင် မြန်မာနိုင်ငံမှဝယ်ယူသည့် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်သန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့် Sinopharm ၅၂၈၀၀၀ နှင့်ဆေးထိုးအပ် ၆၀၈၀၀၀ တို့ ပါဝင်ကာ Air China လေကြောင်းလိုင်းဖြင့် ပေကျင်းလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သယ် ဆောင်လာခြင်းဖြစ်သည်။
ရန်ကုန်မြို့သို့ယနေ့ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်း များအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လူဦးရေ၊ ရောဂါဖြစ်ပွားမှုအပေါ် မူတည်၍ ပြည့်သူ့ဆေးရုံ များနှင့်ကာကွယ်ဆေးထိုးစုရပ်များတွင် National Deployment Plan အရ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်သန်းအနက် Sinopham ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Dose ၇၃၆၀၀၀ နှင့် ဆက်စပ်ပစ္စည်းများအား ပထမအကြိမ်အဖြစ် ဇူလိုင် ၂၂ ရက်နေ့ယနေ့ညနေပိုင်းက ရန်ကုန်မြို့ သို့ရောက်ရှိခဲ့ပြီးဖြစ်ကြောင်းနှင့် ဇူလိုင် ၂၄ ရက်တွင်လည်း ဆက်လက်ရောက်ရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ သိရသည်။