ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်းတော်ရက်လုပ်ပူဇော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်
နေပြည်တော် နိုဝင်ဘာ ၂၃
၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်းတော်ရက်လုပ်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်ရေပန်းရင်ပြင်တော်၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ဖွင့်လှစ်ကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အတူ ဒုတိယသမ္မတဦးညိုစောနှင့်ဇနီးဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ မသိုးရွှေကြာသင်္ကန်းတော်ရက် လုပ်ပူဇော်ကြမည့် ရက်ကန်းအဖွဲ့များတက်ရောက်ကြပြီး ဘုရားဖူးလာရဟန်းရှင်လူပြည်သူများကလည်း စည်ကားများပြားစွာလာရောက်ကြည့်ရှုကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် အခမ်းအနားကျင်းပမည့်နေရာသို့ရောက်ရှိကြရာ တာဝန်ရှိသူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် အနုပညာရှင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် အခမ်းအနားကို “ နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ စတင်ကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က “ဇယမင်္ဂလာစာတမ်းလွှာ” ကိုဖတ်ကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က ၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်းတော်ရက်လုပ်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင် ဦးသန့်ဆွေက မင်္ဂလာရွှေမောင်းကို တီးခတ်၍အချက်ပေးရာ ရက်ကန်းအဖွဲ့များက ရက်ကန်းစင်တော်များ၌ မသိုးရွှေကြာသင်္ကန်းများကိုစတင်ရက်လုပ်ကြသည်။ ထိုသို့ရက်ကန်းအဖွဲ့များက ရက်ကန်းစတင်ရက်လုပ်သည်နှင့်တစ်ပြိုင် နက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များနှင့်ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက “မြိုင်မြိုင် ဆိုင်ဆိုင် လတန်ဆောင်တိုင်” တေးသီချင်းဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေကြပြီး အခမ်းအနားတက်ရောက်လာကြသူများက မီးပုံးပျံငယ်များနှင့် မိုးပျံပူဖောင်းများကို တစ်ပြိုင်နက် လွှတ်တင်ကြသည်။
ဆက်လက်၍ အနုပညာရှင်များက ယိမ်းအကအလှများ၊ အိုးစည်ဒိုးပတ်များ၊ တေးသံသာများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် ဧည့်ပရိသတ်များသည် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကိုယ်စားပြုရက်ကန်းစင်တော် ၁၅ ခုရှိ ရက်ကန်းအဖွဲ့များ၏ မသိုးရွှေကြာသင်္ကန်းရက်လုပ်နေမှုများကို ရက်ကန်းစင်တော်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားလှည့်လည်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ညမီးကြီး မီးပုံးပျံများနှင့် စိန်နားပန်မီးပုံးပျံများ လွှတ်တင်မှုများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့လာရောက်ကြသည့် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများနှင့်အတူ ကြည့်ရှုအားပေးကြသည်။ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်လျက်ရှိပြီး ယခုပွဲတော်ကာလအတွင်း ရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်၌ ဝတ်ရွတ်အသင်းများက ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ မီးရှူးမီးပန်းများပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့်စိန်နားပန် မီးပုံပျံကြီးများလွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့်အလှဆင်ပူဇော်ခြင်း၊ ဒေသထွက် မြန်မာ့ရိုးရာ မုန့်ဆိုင်များခင်းကျင်းပြသရောင်းချခြင်းတို့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များကလည်း တေးဂီတနှင့် ဇာတ်သဘင်ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။ မြဝတီ



















