မာရဝိဇယကျောင်းတော် စတုတ္ထအကြိမ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
နေပြည်တော် နိုဝင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် စတုတ္ထအကြိမ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမာရဝိဇယကျောင်းတော်၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အခမ်းအနားသို့ မာရဝိဇယကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနေမိန္ဒ ၊ အောင်စည်သာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစက္ခဏတို့ အမှူးပြုသည့် ဆရာတော်ကြီးများကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး ၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတက မာရဝိဇယကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်၊ ဆီမီးနှင့် သောက်တော်ရေချမ်းများ ကပ်လှူပူဇော်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာသည့် ဧည့်ပရိသတ်များသည် ကထိန်ခံ မာရဝိဇယကျောင်းတော်ကြီးသို့ လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့်ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သမ္မတနှင့်အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် မာရဝိဇယကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကိုနာယူကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ကထိန်အလှူခံ မာရဝိဇယကျောင်းဆရာတော်ထံ ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူ ဒါန်းသည်။
ထို့နောက် ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီးတို့က အောင်စည်သာဆရာတော်ကြီးထံလည်းကောင်း၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပါဠိဆရာတော်ကြီးထံ လည်းကောင်း ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ပြည်ထောင်စုဝန်ကြီးများက ဆရာတော်သံဃာတော်များထံ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယနေ့ကျင်းပသည့် စတုတ္ထအကြိမ်မြောက် မာရဝိဇယကျောင်းတော် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပဒေသာပင် ၁၂ ပင်နှင့် ဥတ်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများအပါအဝင် တန်ဖိုးငွေကျပ် ၂၆၇ သိန်းကျော်နှင့်လှူဒါန်းငွေကျပ် ၂၉၇ သိန်းကျော်ဖြစ်သဖြင့် စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၅၆၅ သိန်းကျော်ဖြစ်ကြောင်း သတင်းရရှိသည်။ မြဝတီ








