တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာဖူးမြော်ကြည်ညို၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်များ ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ - ၂၄

Tuesday, November 24, 2026 - 08:45

 

တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာဖူးမြော်ကြည်ညို၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်များ ကျင်းပပြုလုပ်

 

နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ - ၂၄

 

တန်ဆောင်မုန်းလသည်လောကတစ်ခွင် ကြည်လင်ထွန်းပပြီး ဥတုသပ္ပာယမျှတ သည့် မွေ့လျော်ဖွယ်ကောင်းသောလဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တိုင်းရင်းသား ပြည်သူများ၏ ကောင်းမြတ်သော ယဉ်ကျေးမှုအစဉ်အလာကောင်းများဖြစ်သော ကထိန်သင်္ကန်း စုပေါင်းဆက်ကပ်လှူဒါန်းခြင်း၊ မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီးတန်ဆောင်များ ထွန်းညှိပူဇော်ခြင်း စသည့်ကောင်းမှုအစုစုတို့ကို ပြုလုပ်ကြသော လမြတ်မင်္ဂလာ အချိန်အခါကောင်းဖြစ်သည်။

တန်ဆောင်မုန်းလပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီး အမှူးပြုသောပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကိုဟောကြားတော်မူသော နေ့ထူးနေ့မြတ်လည်းဖြစ်ရာ အဆိုပါနေ့ထူးနေ့ မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်လျာသင်္ကန်းကပ်လှူ၍ ကထိန်အလှူတော် မင်္ဂလာဆင်ယင်ခြင်း၊ ဒါနသီလဘာဝနာကုသိုလ်ယူ ဆည်းပူးပွားများခြင်း၊ မြတ်စွာ ဘုရားအား ရည်မှန်း၍ ဘုရားစေတီပုထိုးများ၊ နေအိမ်များ၌ ဆီမီးများ၊ ရောင်စုံမီး အလှများဖြင့် ထွန်းညှိပူဇော်ခြင်း စသည့် သူတော်ကောင်းတရားများကို ကြိုးစား အားထုတ်ကြသည်။

ထိုသို့ မြန်မာ့ယဉ်ကျေးမှုပွဲတော်ကိုထိန်းသိမ်းဆင်နွှဲလျက်ရှိကြရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌လည်း ယနေ့ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်အတူ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများက စေတီတော်မြတ်အား ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ဆီမီး(၁၀၀၀) ထွန်းညှိပူဇော်ခြင်းများဖြင့် တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ပျော်ရွှင်ကြည်နူးစွာဆင်နွှဲခဲ့ကြသည်။

အလားတူ တန်ဆောင်တိုင်မီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌လည်း လမ်း၊ အဆောက်အအုံများ၊ ပန်းအလှ သစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို သာယာလှပစွာ ရှုမငြီးဖွယ် ပြုလုပ်ထားရှိပြီး ပျော်ပွဲရွှင်ပွဲများကိုလည်း ပြုလုပ်ထားရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများက စိတ်နှလုံးအေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာဆင်နွှဲခဲ့ကြသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဉယျာဉ်ဝတ္ထုကံတော်၌ တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၊ ဉပ္ပါတသန္တိစေတီတော်မြတ်ကြီး အပါအဝင် ဘုရားစေတီပုထိုးများ၊ ရန်ကုန်တိုင်းဒေသ ကြီးရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ သံဃာ တော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများက တန်ဆောင်မုန်းလပြည့် အခါသမယ ဆီမီးများကပ်လှူပူဇော်၍ဖူးမြော်ကြည်ညိုခြင်းများဖြင့်  ကုသိုလ်ယူကြပြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်များပြုလုပ်ခြင်း၊ မီးပုံးများလွှတ်တင်ခြင်း၊ ဈေးရောင်းပွဲတော်များ၊ နိဗ္ဗာန်ဈေးပွဲတော်များ၌ လည်ပတ်ကြည့်ရှုခြင်းတို့ဖြင့် ပျော်ရွှင်ချမ်းမြေ့စွာဆင်နွှဲကြသည်။

               အလားတူ တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အပန်းဖြေစခန်းများ၊ ကမ်းခြေများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် ပန်းခြံများ၌ လာရောက်အပန်းဖြေကြသူများဖြင့် အထူးစည်ကားလျက် ရှိရာ အများပြည်သူများအနေဖြင့် တန်ဆောင်မုန်းလပြည့်နေ့အခါသမယကို ပျော်ရွှင်ကြည်နူးစွာဆင်နွဲခဲ့ကြကြောင်း သတင်းရရှိသည်။ ၁၀၀