ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိ ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများ တွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

Friday, July 23, 2021 - 16:45

 

နေပြည်တော်၊ ဇူလိုင် - ၂၃

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက် အကူပြုပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ် ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၉၃ ဦးနှင့် အမျိုးသမီး ၉၂ ဦး စုစုပေါင်း ၁၈၅ ဦးအားလည်းကောင်း၊ ဉတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၂၁ ဦးအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၂၁၈ ဦးနှင့် အမျိုးသမီး ၁၉၄ ဦး စုစုပေါင်း ၄၁၂ ဦးအား လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၅၈ ဦး နှင့် အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၇၄ ဦးအား လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၂၆ ဦးအား လည်းကောင်း အသီးသီးလက်ခံထားရှိကြောင်းနှင့်  ယနေ့တွင် ကျန်းမာရေးကောင်းမွန်လာသည့် စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၇၁ ဦးတို့အား သက်ဆိုင်ရာ ရပ်ကွက်များသို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင် ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။