ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ ဝမ်ပုံကျေးရွာအနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်လုပ်ကိုင်နေသူ တရားမဝင်တရုတ်နိုင်ငံသားများ အပါအဝင် ၃၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

Monday, November 23, 2026 - 05:15

 

ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ ဝမ်ပုံကျေးရွာအနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်လုပ်ကိုင်နေသူ တရားမဝင်တရုတ်နိုင်ငံသားများ အပါအဝင် ၃၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်‌တော်   နိုဝင်ဘာ   ၂၃

 

နိုင်ငံတော်အစိုးရအနေဖြင့်  ဒေသတွင်းပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ  လူသားမျိုးနွယ်အားလုံး၏  လူမှုစီးပွားဘဝများကို  ထိခိုက်ပျက်စီးအောင်   အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့်   အွန်လိုင်းလောင်းကစားမှုကျူးလွန်သူများအား ရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို    အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်   အလေးထားဆောင်ရွက်လျက်ရှိရာ  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊  မိုင်းနောင်မြို့၊ ဝမ်ပုံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၃၂၃ ဦးကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့တွင် ဖမ်းဆီးရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေကြောင်းသတင်းအရ စုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာယနေ့ နံနက် ၆နာရီ ၃၀ မိနစ်ခန့်တွင် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊  ဝမ်ပုံကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၈၀၀  ခန့်အကွာနေရာ၌ အလျား ၁၅၀ ပေ၊ အနံ ၃၀ ပေရှိ ယာယီအလုပ်ရုံမိုးကာတဲ ၅ လုံးနှင့် ယာယီလူနေမိုးကာတဲ ၄ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိ ယာယီလူနေမိုးကာတဲ ၄ လုံး၊ အလျား ၁၀၀ ပေ၊ အနံ ၅၀ ပေ ရှိ ယာယီစားချက်ဆောင် ၁ လုံးနှင့် ယာယီစတိုဆောင် ၁ လုံး တို့ကို တွေ့ရှိခဲ့ပြီး ၎င်းတို့အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင် နေသူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၀၁ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသားအမျိုးသမီး ၂၁ ဦး၊ စုစုပေါင်း ၃၂၃ ဦး တို့ကို BERETTA-22 ပစ္စတို (ကျည်အိမ်အပါ)၁ လက်၊ CZ 9mm ပစ္စတို(ကျည်အိမ်အပါ) ၁ လက်၊ SMITH – 22 အရှည် သေနတ် ၁ လက်၊ AK 47 သေနတ် ၅ လက်နှင့် ၎င်းကျည်အိမ် ၄ ခု၊ ပွိုင့် ၂၂ ကျည် ၆‌ တောင့်၊ Power Station အကြီး ၁၅ လုံးနှင့် အသေး ၂ လုံး၊ Solar Station အလတ် ၆ လုံး၊ Laptop ၅၄ လုံး၊ ဖုန်းမျိုးစုံ ၂၁၇ လုံး၊ All in One ကွန်ပျူတာ ၅ လုံး၊ Starlink ဗန်း ၃၃ ခု၊ Router ၃၀ ခု၊ Air Cooler(အလတ်) ၈ လုံး၊ Tiger (4x4 wheel) အမျိုးအစား မော်တော်ယာဉ် ၂ စီး၊   Lexus အမျိုးအစားမော်တော်ယာဉ် ၁ စီး၊ Freezer အကြီး ၃ လုံးနှင့် အသေး ၃ လုံး၊ ထမင်းပေါင်းစက် (၂)ခန်းတွဲ ၁ ခု၊ ထမင်းပေါင်းစက် (၁) ခန်းတွဲ ၁ ခု၊ ဂတ်စ်မီးဖို (အကြီး) ၁ ခု၊ မီးစက် (အကြီး) ၁ လုံး၊ အင်တာနက်လိုင်းအားမြှင့် စက် ၂ စုံ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စိစစ်မေးမြန်းမှုများအရ ဖမ်းဆီးရမိ   တရုတ်နိုင်ငံသားများသည် တရုတ်နိုင်ငံရှိ ပြည်နယ် အသီးသီးတွင် နေထိုင်၍ကျပန်းလုပ်ကိုင်ကြသူများဖြစ်ကာ Tiktok ၊ Telegram ၊ QQ စသည့် လူမှုကွန်ရက်များမှတစ်ဆင့်ချိတ်ဆက်၍  အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ရန် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြောင်း၊    ယခု အွန်လိုင်းလိမ်လည်လောင်းကစားမှု များ လုပ်ကိုင်နေသည်မှာ ရက်ပေါင်း ၄၀ ခန့် ရှိပြီ ဖြစ်ပြီး We Chat ၊ MO MO ၊ QQ စသည့် လူမှုကွန်ရက်များမှတစ်ဆင့်   တရုတ်နိုင်ငံရှိငွေကြေးကြွယ်ဝချမ်းသာသူများအား အဓိကပစ်မှတ်ထားရှာဖွေရကြောင်း၊ ၎င်းနောက် ခင်မင်ရင်းနှီးမှု တည်ဆောက်ကာ အကျိုးတူစီးပွားရေးလုပ်ငန်းများတွင် ပါဝင်လာစေရေးစည်းရုံးခြင်းများ ပြုလုပ်၍ ပစ်မှတ်များက အရင်းအနှီးများ ထည့်ဝင်လာသောအခါ အဆက်အသွယ်ဖြတ်တောက်ခြင်းများပြုလုပ်ရကြောင်း  သိရှိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား   လိုအပ်သည့်စစ်ဆေးမှုများ   ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်   လုပ်ငန်းသုံးပစ္စည်းများအား   လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ (၁၀၀)