ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် 

Sunday, November 22, 2026 - 13:30

 

ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်   

 

နေပြည်တော် နိုဝင်ဘာ ၂၂ 

 

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက် အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၅ ထပ်အဆောက်အအုံ ၁ လုံးအား  ယနေ့အထိ ၄၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ၅ ထပ်အဆောက်အအုံတစ်လုံးအား ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမှုမှာ ယနေ့အထိ ၁၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းသိရှိရသည်။ 

ရွှေကုက္ကိုလ်နယ်မြေ၊ ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကျူးလွန် ရာတွင်အသုံးပြုခဲ့သည့်ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံးအားယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့်  အဆောက်အအုံ၊ဖောက်ခွဲ၍   ဖြိုချဖျက်ဆီးမည့် အဆောက်အအုံနှင့်လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့်အဆောက်အအုံဟူ၍  အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ပြီး စနစ်တကျဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ဖောက်ခွဲ၍ဖြိုချမည့် အဆောက်အအုံ ၄ လုံးနှင့်ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ ၉ လုံး၊ စုစုပေါင်းအဆောက်အအုံ ၁၃ လုံးတို့ကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ပြီးကျန်ရှိသည့် တရားမဝင်အဆောက်အအုံ ၅၀ လုံးကိုလည်း စနစ်တကျဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်းသိရှိရသည်။ 

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလိမ်လည်လောင်းကစားမှုများပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းကာအပြီးတိုင် လုံးဝပပျောက်သွားစေရေး  ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)