ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် မဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

Saturday, November 21, 2026 - 08:15

 

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် မဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

 

နေပြည်တော်၊ နိုဝင်ဘာ-၂၁

 

          ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ၂၀၂၆ ခုနှစ်မဟာ ဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌  ဆင်ယင်ကျင်းပပြုလုပ်ရာ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ဇနီး ဒေါ်နီလာတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

          အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ်၊ သီရိမင်္ဂလာဝဲကြီး ကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသ နှင့် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိ ကဓဇ ဘဒ္ဒန္တဝိစက္ခဏ အမှူးပြုသော ဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသော ဆရာတော်ကြီး ၁၈ ပါးကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး တို့နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့် ဇနီး ဒေါ်နန်းကူးကူ၊  ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

          ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များသည် ဘုန်းတော်ကြီးကျောင်းအသီးသီးသို့ လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန် လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြ သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ သောက် တော်ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် အစီအစဉ်အရ မဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သီရိမင်္ဂလာဝဲကြီးပရိယတ္တိ စာသင်တိုက် ဆရာတော်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ် တရားတော်များကိုနာယူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ပုဗ္ဗသီရိမြို့နယ်၊ သီရိမင်္ဂလာဝဲကြီး ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံ ကထိန် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ကထိန်ခံ နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ ရေဆင်းကန်ဦးကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသ ထံ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။

          ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်ဇနီး တို့က ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာကျောင်းတိုက် ဆရာတော် ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်းသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက ဆရာတော်၊ သံဃာတော်များထံ ကထိန် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

          ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များသည် နေပြည်တော် တိုင်းသံဃနာယကအကျိုးတော်ဆောင်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကိတ္တိသာရ နှင့်  နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပျဉ်းမနားမြို့၊ မဟာဓမ္မိ ကာရာမ အုန်းတော ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ တိဿ တို့ထံမှ ကထိန်အမေးအဖြေများကို နာယူကြည်ညိုကြသည်။

          ယင်းနောက် အောင်စည်သာကျောင်းတိုက် ဆရာတော်ကြီးထံမှ ကထိန်အနုမော ဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက်  ရေစက်သွန်းလောင်း အမျှပေးဝေကြ သည်။

         ထို့နောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို            ဆုတောင်း၍ရုပ်သိမ်းကြပြီး အခမ်းအနားအပြီးတွင် သီရိမင်္ဂလာဝဲကြီးကျောင်းပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော် များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

          ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် မိသားစု မဟာဘုံကထိန်အလှူတော်အဖြစ် လှူဒါန်းထားသည့်ပဒေသာပင်များအား နိုဝင်ဘာ ၁၉ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အနော် ရထာခန်းမမှ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ခဲ့ ကြသည်။

          ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု များ၏ ၂၀၂၆ ခုနှစ် မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက ပေးပို့ လှူဒါန်းသော ပဒေသာပင်တစ်ခု အပါအဝင် ရုံး၊ ဌာနအသီးသီးမှ လှူဒါန်းသော ပဒေသာပင် စုစုပေါင်း ၈၈ ခု၊ ပစ္စည်းတန်ဖိုးငွေကျပ် ၂၁၉,၉၇၂,၃၇၀ ကျပ်နှင့် ငွေသား တန်ဖိုးငွေကျပ် ၁၁၈,၆၁၇,၁၈၅ ကျပ်တို့ ဖြစ်သဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၃၃၈,၅၈၉,၅၅၅ ကို လှူဒါန်းခဲ့ကြပြီး သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်း အသီးသီးသို့ ရုံး၊ ဌာနများအလိုက် မော်တော်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။