တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ပုဗ္ဗသီရိမြို့နယ်၊ ၊ ပျဉ်းမနားမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် တို့ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ
နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၂၁ ရက်
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)၌ ကျောင်းသား၊ ကျောင်းသူများ လေ့လာ နိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ် မြေ(နေပြည်တော်)၊ ပုဗ္ဗသီရိမြို့နယ်ရှိ STEM ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပျဉ်းမနား မြို့နယ်ရှိ Alpha ကိုယ်ပိုင်အထက်တန်းကျောင်၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (သာဂရ)၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်မှ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ချည်စက်)၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်ကိုင်း)တို့မှ ကျောင်းသား၊ ကျောင်းသူ များသည် ဆရာ၊ ဆရာမများနှင့်အတူ တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ သွားရောက် လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး တပ်မတော် (လေ)ပြင်ပပြကွက် တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တပ်မတော် လေယာဉ်များကိုလည်းကောင်း၊ တပ်မတော်(ရေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသ ထားသည့် စစ်ရေယာဉ်ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို လည်းကောင်း စိတ်ပါ ဝင်စားစွာလေ့လာကြည့်ရှု ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။
ထို့နောက် တပ်မတော်(ကြည်း)ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု့လေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုကြသည်။ ယင်းနောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများအတွက် မုန့်များကို ပေးဝေကြသည်။
ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက် အတွင်း ကဏ္ဍအလိုက် ပြခန်း၊ပြကွက်များ ပြသထားမှုတို့ကို လိုက်လံရှင်းလင်း ပြသကြ သည်။ထို့နောက် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများက ပြတိုက် အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု လေ့လာ၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးသည်။
ဆက်လက်၍ ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကျင်းပပြုလုပ်ကာ မေးခွန်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများ အပ်ချီးမြှင့်ကြြပီး ပြတိုက်တာဝန်ရှိသူများက ပြန်လည်ထွက်ခွာမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
ယခုကဲ့သို့ လေ့လာရေးအစီအစဉ်များကို ကျောင်းသားလူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်၊ ကျောင်းပြင်ပ ဗဟုသုတများရရှိစေပြီး သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ ယှဉ်တွဲလေ့လာ နိုင်စေရန်၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာသည့် မြန်မာ့ တပ်မတော်၏ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့မှု အခြေအနေများကို သိရှိစေရန်၊ မျက်မှောက်ကာလတွင် ဖွဲ့စည်းထားရှိသည့် တပ်မတော်လက်ရုံးတပ်ဖွဲ့အသီးသီး၏ သမိုင်းကြောင်းလုပ်ငန်းတာဝန်နှင့် စွမ်းဆောင်နိုင်ခဲ့မှုများကို သိရှိစေရန်နှင့် အနာဂတ် ကာလများတွင် နိုင်ငံတော်ကိုဦးဆောင်ကြမည့် မျိုးဆက်သစ် လူငယ်လူရွယ်များ အနေဖြင့် မိမိနိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို လေ့လာသိရှိ ထားခြင်းအားဖြင့် အနာဂတ်ဘဝ လျှောက်လှမ်းမှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုကဲ့သို့ လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-သားတိုအနေနဲ့ တပ်မတော်စစ်သမိုင်းပြတိုက်ကို လေ့လာခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ စစ်သမိုင်းပြတိုက်ထဲမှာ တပ်မတော် ကြည်း၊ ရေ၊ လေ ပြကွက်များအား လေ့လာခဲ့ပါတယ်။တပ်မတော်ကြည်း ပြခန်းများကို ပိုပြီးစိတ်ဝင်စားပါတယ်။ တပ်မတော် ကြည်း ပြခန်းထဲမှာ ရှေးခေတ်ကနေ ယနေ့ခေတ်ထိ လက်နက်တွေ၊ အမြောက်တွေ၊ သံချပ်ကာကားတွေ၊ တင့်ကားတွေရဲ့ ပကတိပုံစံတွေကို လက်တွေ့လေ့လာခွင့်ရခဲ့ပါတယ်။နိုင်ငံတစ်နိုင်ငံ ရပ်တည်ဖိုအတွက် နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ကာကွယ်ရေးစွမ်းအားတွေ ဘက်စုံဟန်ချက်ညီမှ ရမယ်လို မြင်ပါတယ်။အခုလို လေ့လာခွင့် ရရှိအောင် စီမံပေးတဲ့ နိုင်ငံတော်မှတာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
သမီးတို အခု တပ်မတော် ကြည်း ၊ ရေ၊ လေ ပြခန်းအားလုံးကို လေ့လာပြီးပြီ ဖြစ်ပါတယ်။သမီးတိုအနေနဲ့ အခုလို လာရောက်လေ့လာခွင့်ရတဲ့အတွက် နိုင်ငံတော်၊ တပ်မတော်နဲ့ ပတ်သက်သော သမိုင်းကြောင်းတွေကို ပိုပြီး သိမြင်ခွင့် ရရှိခဲ့ပါတယ်။ ထိုအပြင် တပ်မတော် ကြည်းတပ်စုတည်း နိုင်ငံတော်ကို ကာကွယ်နေတာမဟုတ်ဘဲ တပ်မတော် ရေ သည်လည်း နိုင်ငံပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်နေတာတွေ၊ တပ်မတော် လေ အနေနဲ့လည်း မြန်မာ့ ဝေဟင်ကို ကာကွယ်စောင့်ရှောက်ပုံတွေကို လေ့လာခွင့်ရရှိခဲ့ပါတယ်။စာတွေ့ထက် လက်တွေ့သင်ယူနိုင်တဲ့ ခေတ်ကာလမှာ အခုလို လေ့လာခွင့်ပြုပေးတဲ့ နိုင်ငံတော်နဲ့ တပ်မတော်မှ တာဝန်ရှိလူကြီးမင်းများအား အထူးကျေးဇူးတင် ပါတယ်ရှင့် ဟုပြောသည်။


