တပ်မတော်စစ်ကြောင်းများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ လုံစံကျေးရွာအနီး အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်သူ ၂၅ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော် နိုဝင်ဘာ ၂၁
ကမ္ဘာလုံးဆိုင်ရာလူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပပျောက်စေရေး နိုင်ငံတော်အစိုးရအနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့်အလှမ်းဝေးသောနယ်စပ်ဒေသများတွင်အခြေပြုပြီး လုပ်ကိုင်နေမှုများကို ထိထိရောက်ရောက်ရှာဖွေဖော်ထုတ်တိုက်ဖျက်နေသကဲ့သို့ ပြည်တွင်း၌ ကျူးလွန်နေသူများကိုလည်း ပြင်းပြင်းထန်ထန်ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်အတွင်း အခြေစိုက်ခိုအောင်းနေသည့် အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်သူ ၂၅ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ တပ်မတော်စစ်ကြောင်းများက အောင်မြင်စွာဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သူများသည် ယာယီလူနေတဲများ ဆောက်လုပ်၍ အခြေပြုခိုအောင်းလုပ်ကိုင်လျက်ရှိကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများက အကွက်ကျကျသတင်းကွင်းဆက်ရယူဖော်ထုတ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မိုင်းကိုင်မြို့နယ်၊ လုံစံကျေးရွာ၏မြောက်ဘက် မီတာ ၂၇၀၀ ခန့်အကွာသို့အရောက်၌ အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ယာယီတဲအချို့အားတွေ့ရှိရပြီး ဝန်းကျင်တစ်ဝိုက် ဆက်လက်ရှင်းလင်းရာ ၎င်းနေရာ၏ အနောက် မြောက်ဘက် မီတာ ၁၃၀၀ ခန့်အကွာ၌ အွန်လိုင်းငွေကြေးလိမ်လည်မှုများ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံ သား အမျိုးသား ၂၅ ဦးတို့အား အွန်လိုင်းငွေကြေးမှုကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၄၀ ပေ၊ အနံ ၃၀ ပေ၊ ယာယီလူနေတဲ ၁ လုံး၊ အလျား ၃၀ ပေ၊ အနံ ၁၅ ပေ၊ ယာယီလူနေတဲ ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၃၀ ပေ၊ ယာယီလုပ်ငန်းသုံးတဲ ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ ယာယီစားချက်ဆောင်တဲ ၁ လုံး၊ ALL IN ONE ကွန်ပြူတာ ၂ လုံး၊ ဖုန်းမျိုးစုံ ၃၉ လုံး၊ STARLINK ၂ လုံး၊ POWER STATION ၂ လုံး၊ GAS မီးဖို ၂ လုံး၊ အင်တာနက်လိုင်းအားမြှင့်စက် ၂ လုံး၊ ROUTER ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်သူများသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှတစ်ဆင့် မြန်မာ-တရုတ်နယ်စပ်မှတရားမဝင်ခိုးဝင်၍ မြန်မာနိုင်ငံ၊ ပန်ဆန်းမြို့သို့ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ဝမ်ဟိုင်း-ကျေးသီး-ပန်ပို-ဟမ်းငိုင် လမ်းကြောင်းမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ လုံစံကျေးရွာအနီးသို့ ရောက်ရှိခဲ့ပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများအား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်ခန့်မှစ၍ စတင်လုပ်ကိုင်ခဲ့ကြောင်း၊ လစာအနေဖြင့်တရုတ်ယွမ်ငွေ ၆၅၀၀ ခန့်ရရှိမည်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်သည်မှာ ၁၅ ရက်ခန့်သာရှိသေး၍ လစာမရရှိသေးကြောင်း၊ ကွန်ပျူတာနှင့်ဖုန်းများအားအသုံးပြု၍ WE CHAT၊ MO MO နှင့် QQ APPLICATION စသည့် လူမှုကွန်ရက်များမှတစ်ဆင့်ငွေကြေးကြွယ်ဝချမ်းသာသူ တရုတ်နိုင်ငံသားများအား အဓိကပစ်မှတ်ထားရှာဖွေရကြောင်း၊ ခင်မင်ရင်းနှီးမှုတည်ဆောက်ကာ အကျိုးတူစီးပွားရေးလုပ်ငန်းများတွင် ပါဝင်လာစေရေး လိမ်လည်ဆွဲဆောင်စည်းရုံးခြင်းများ ပြုလုပ်ရကြောင်း၊ သဘောတူလက်ခံ၍ အတူတကွဆောင်ရွက်ရန် ဆက်သွယ်လာပြီး အရင်းအနှီးများထည့်ဝင်လာသောအခါ အဆက် အသွယ်ဖြတ်တောက်ခြင်း၊ ONLINE WEBSITE အတုများဖြင့် ONLINE SHOP လုပ်ငန်းများနှင့်အောင်မြင်ကျော်ကြားသော လူပုဂ္ဂိုလ်များ၏အကောင့်အတုများ ဖွင့်လှစ်ကာငွေကြေးလိမ်လည်မှုပြုလုပ်ခြင်းများ ဆောင်ရွက်ရကြောင်းသိရှိရသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန် သူများအားစစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီးသိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် တရားမဝင်ဆောက်လုပ်ထားသည့် လူနေတဲများနှင့် လုပ်ငန်းသုံးတဲများကိုလည်း စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အပြီးတိုင်လုံးဝပပျောက်သွားစေရေးအတွက် အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်း စဉ်များကို အရှိန်အဟုန်မပျက်အထူးအလေးထား၍တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။ (၁၀၀)








